ရုရှသူဌေးကြီးများ ပဟေဠိဆန်စွာ သေဆုံးမှုများ ရှိလာ 

ရုရှသူဌေးကြီးများ ပဟေဠိဆန်စွာ သေဆုံးမှုများ ရှိလာ 

ဇူလိုင်လ ၆ ရက်

လတ်တလော လများအတွင်း ရုရှနိုင်ငံက စွမ်းအင်ကုမ္ပဏီကြီး Gazprom နှင့် ဆက်စပ်ပတ်သက်သည့် နောက်ဆုံး သန်းကြွယ်သူဌေးကြီးတစ်ဦးသည် ၎င်း၏ နေအိမ်အတွင်း ပစ်ခတ်ခံရပြီး သေဆုံးသည်။ 

အာတိတ်တွင် Gazprom နှင့် အကျိုးအမြတ်များသော ကန်ထရိုက်များ ရရှိထားသည့် သယ်ယူပို့ဆောင်ရေး ကုမ္ပဏီတစ်ရပ်အား ဦးစီးသည့် အသက် ၆၁ နှစ်အရွယ် ယူရီ ဗိုရိုနော့ဗ်ကို စိန့်ပီတာစဘတ် လူချမ်းသာရပ်ကွက်က နေအိမ်အတွင်း တနင်္လာနေ့ နေ့လယ် ၂ နာရီဝန်းကျင်တွင် သေဆုံးလျက်သား တွေ့ရှိခြင်း ဖြစ်သည်။ 

ဗိုရိုနော့ဗ်အား ဦးခေါင်းတွင် သေနတ်ဒဏ်ရာဖြင့် ရေကူးကန်အတွင်း ပေါလောမျောနေသည်ကို တွေ့ရှိခြင်း ဖြစ်ပြီး အနီးအနားတွင် Grand Power ပစ္စတိုတစ်လက်နှင့် ရေကူးကန်ကြမ်းပြင်တွင် သုံးပြီးသား ဘူးအချို့ကို တွေ့ရှိရသည်။ 

ယခုနှစ်စမှ စတင်ပြီး ပဟေဠိဆန်သော ဖြစ်စဉ်ဖြင့် သေဆုံးကြသည့် ချမ်းသာသော စီးပွားရေးသမားများတွင် ၎င်းသည် ခြောက်ဦးမြောက်ဖြစ်ပြီး ယင်းသို့ သေဆုံးသူ အများစုမှာ Gazprom ကုမ္ပဏီနှင့် ပတ်သက်သူများ ဖြစ်သည်။ ထိုပြင် ရုရှသူဌေးနှစ်ဦးမှာလည်း ဗိုရိုနော့ဗ်ကဲ့သို့ပင် စိန့်ပီတာစဘတ် မြို့ပြင်တွင် သေဆုံးကြခြင်း ဖြစ်သည်။  

ရုရှထောက်လှမ်းရေး ကော်မတီက ဗိုရိုနော့ဗ် သေဆုံးမှုကို စုံစမ်းစစ်ဆေးလျက် ရှိပြီး “စီးပွားရေး လုပ်ဖော်ကိုင်ဖက်ချင်း အငြင်းပွားရာမှ” သေဆုံးခြင်း ဖြစ်နိုင်သည်ဟု လတ်တလော မှတ်ယူထားသည်။ 

ဂုဏ်သိက္ခာ ကင်းမဲ့သော ကန်ထရိုက်တာများနှင့် မိတ်ဖက်များ၏ “ပိုက်ဆံ အမြောက်အမြား” လိမ်လည်ခြင်းကို ကြုံနေရသည်ဟု ဗိုရိုနော့ဗ်က ယုံကြည်ယူဆထားကြောင်း ၎င်း၏ ဇနီးဖြစ်သူက စုံစမ်းစစ်ဆေးသူများကို တိတိပပ ပြောသည်။ 

သို့ရာတွင် စိန့်ပီတာစဘတ်အနီးက အခြားသော အိမ်ကြီးအိမ်ကောင်းများတွင် ဖြစ်ပွားခဲ့သော သူဌေးများ သေဆုံးခဲ့မှုများ ရှိနေခြင်းကြောင့် ကိုယ့်ကိုကို သတ်သေခြင်းအဖြစ် ပုံဖော်ထားသော လူသတ်မှုအဖြစ် ကောလဟလများ ဖြစ်ပွားပေါ်ပေါက်စေသည်။ 

ဖေဖော်ဝါရီလအတွင်းကလည်း Gazprom ကုမ္ပဏီမှ ဘဏ္ဍာရေးနှင့် လုံခြုံရေး အကြီးတန်းအရာရှိတစ်ဦးဖြစ်သူ အသက် ၆၁ နှစ်အရွယ် အလက်ဇန္ဒြား ယုလာကော့ဗ်သည် စိန့်ပီတာစဘတ်က လီနင်စကီးဆင်ခြေဖုံးအရပ်ရှိ နေအိမ်တွင် ကြိုးဆွဲချ သေဆုံးသည်ကို ၎င်း၏ ချစ်သူတစ်ဦးက တွေ့ရှိခဲ့သည်။ 

၎င်းသည် ကိုယ်ကိုကို သတ်သေခြင်းဖြစ်သည်ဟု စုံစမ်းစစ်ဆေးသူများက ပြောသော်လည်း ဌာနေသတင်းများကမူ ၎င်း၏ ကိုယ်ခန္ဓာတွင် ရိုက်နှက်ခံထားရသည့် လက္ခဏာများ ရှိနေပြီး ကြိုးဆွဲချဟန် ဖန်တီးခဲ့ခြင်း ဖြစ်နိုင်သည်ဟု ဖော်ပြကြသည်။ 

အဆိုပါ ဆင်ခြေဖုံး အရပ်မှာပင် အစောပိုင်း သီတင်းသုံးပတ်ခန့်ကလည်း အသက် ၆၀ အရွယ် သူဌေး လီယိုနက်ဒ် ရှုမန်းအား ရေချိုးခန်းအတွင်း ထိုးသွင်းဒဏ်ရာဖြင့် သေဆုံးလျက် တွေ့ရှိသည်။ 

ရှုမန်းသည် Gazprom ကုမ္ပဏီ၏ ရင်းနှီးမြုပ်နှံမှု စီမံကိန်းများကို ကိုင်တွယ်ရသော လက်ခွဲဖြစ်သည့် Gazprom Invest လက်ခွဲ၏ သယ်ယူပို့ဆောင်ရေးအပိုင်း၏ အကြီးအကဲ ဖြစ်သည်။ 

စွမ်းအင်ကုမ္ပဏီကြီး Lukoil ၏ အကြီးတန်းအမှုဆောင်ဟောင်းဖြစ်သည့် အသက် ၄၃ နှစ်အရွယ် ဘီလျှံနာသူဌေး အလက်ဇန္ဒြား ဆတ်ဘိုတင်သည် နတ်ဆရာများ၏ အကြံဉာဏ်အတိုင်း ဆောင်ရွက်ပြီးနောက်တွင် မေလအတွင်းက သေဆုံးခဲ့ရသည်။ 

၎င်း သေဆုံးမှုသည် ဖားပြုတ်အဆိပ်မိပြီး နှလုံးရပ် သေဆုံးခြင်းဖြစ်နိုင်သည်ဟု အယူအဆလည်း ရှိထားသည်။ 

ဧပြီလတွင်း၌လည်း ရုရှအစိုးရ တာဝန်ရှိသူဟောင်း သူဌေးတစ်ဦးဖြစ်သည့် အသက် ၅၁ နှစ်အရွယ် အလာဒီစလက်ဗ် အေဗာယက်ဗ်သည် အသက် ၄၇ နှစ်အရွယ် ဇနီးနှင့် အသက် ၁၃ နှစ်အရွယ် သမီးဖြစ်သူတို့ကို သတ်ပြီးနောက် ကိုယ့်ကိုကို သတ်သေသွားခဲ့ဟန် ရှိသည်။ 

၎င်းသည် ဦးဆောင် ရုရှဘဏ္ဍာရေးအဖွဲ့အစည်း Gazprombank နှင့် ထဲထဲဝင်ဝင် ဆက်စပ်သူ ဖြစ်သည်။ 

သူ့၏ ဇနီးဖြစ်သူက ကားဒရိုင်ဘာနှင့် ကိုယ်ဝန်ရသည်ဟု ဝန်ခံပြီးနောက် သူသည် မနာလိုသဝန်တို ဖြစ်နေသည်ဆိုသော သတင်းများကို မိတ်ဆွေများက ငြင်းဆန်ကြသည်။ 

သူသည် ရုရှအထက်တန်းလွှာ၏ ဘဏ္ဍာရေးလျှို့ဝှက်ချက်များကို ရရှိထားခဲ့ခြင်းဖြစ်သည်ဟုလည်း အတည်ပြုပြောဆိုခြင်းများ ရှိထားသည်။ 

နောက်ရက်အနည်းငယ် အကြာ၌ သန်းကြွယ်သူဌေးကြီးတစ်ဦးဖြစ်သည့် အသက် ၅၅ နှစ်အရွယ် ဆာဂေး ပရိုတိုဆန်ယာလည်း စပိန်တွင် ကြိုးဆွဲချ၍ သေဆုံးသည်ကို တွေ့ရှိသည်။ ၎င်းသည် အသက် ၅၃ နှစ်အရွယ် ဇနီးနှင့် သမီးဖြစ်သူတို့ကို ပုဆိန်ဖြင့် သတ်ဖြတ်ပြီးနောက် ကြိုးဆွဲချခြင်း ဖြစ်သည်။ 

သူသည် ရုရှအစိုးရနှင့် အနီးကပ်ပတ်သက်သော Novatek ကုမ္ပဏီ၏ လက်ထောက်ဥက္ကဋ္ဌဟောင်းလည်း ဖြစ်သည်။ 

ပရိုတိုဆန်ယာသည်လည်း သူဌေးကြီး အေဗာယက်ဗ်၏ ဖြစ်ရပ်နည်းတူပင် လုပ်ကြံသတ်ဖြတ်ခံရခြင်းကို လူသတ်မှုနှင့် ကိုယ့်ကိုယ်ကို သတ်သေမှုများအဖြစ် ဖုံးကွယ်ဖျောက်ဖျက်ခံရဖွယ် ရှိသည်ဟု ထင်မြင်ချက်များ ရှိနေသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly