နိုင်ငံတကာဥပဒေများကို ကာကွယ်စောင့်ရှောက်ရေး ရုရှနိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

နိုင်ငံတကာဥပဒေများကို ကာကွယ်စောင့်ရှောက်ရေး ရုရှနိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

ဇူလိုင်လ ၆ ရက်

ကမ္ဘာပေါ်ရှိ အစုအဖွဲ့အားလုံးအနေဖြင့် နိုင်ငံတကာ ဥပဒေများကို ကာကွယ်စောင့်ရှောက်ရေး ကြိုးပမ်းအားထုတ်ကြရန် ရုရှနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗ်ရော့ဗ်က ဗုဒ္ဓဟူးနေ့တွင် တိုက်တွန်းပြောဆိုခဲ့သည်။ “ကမ္ဘာကြီးသည် ရှုပ်ထွေးသော ပုံစံတစ်ခုဖြင့် ဖြစ်ပေါ် ပြောင်းလဲနေသည်” ဟု ၎င်းက ပြောသည်။

လက်ဗ်ရော့ဗ်သည် ဟနွိုင်းမြို့၌ ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီး ဘွေသန်ဆန်းနှင့် တွေ့ဆုံသည့် အစည်းအဝေးတစ်ခုအတွင်း စကားပြန်မှတစ်ဆင့် အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ရုရှသည် ယူကရိန်းအပေါ် ကျူးကျော်ခြင်းအားဖြင့် နိုင်ငံတကာ ဥပဒေကို ချိုးဖောက်နေသည်ဟု အနောက်အုပ်စုနိုင်ငံများက စွပ်စွဲထားခဲ့ပြီးနောက် ယခုကဲ့သို့ ရုရှနိုင်ငံခြားရေးဝန်ကြီး၏ ပြောစကား ထွက်ပေါ်လာခြင်း ဖြစ်သည်။ ယူကရိန်းမှ ပြန်လည်ဆုတ်ခွာရေး ရုရှကို ပြောကြားသည့် နိုင်ငံတကာတရားရုံး၏ အမိန့်ညွှန်ကြားချက်တစ်ရပ်အတိုင်း လိုက်နာရန် ဥရောပသမဂ္ဂ ခေါင်းဆောင်များက မော်စကို ကို တိုက်တွန်းထားသည်။

“အာဆီယံထဲမှာဆိုရင် ဗီယက်နမ်ဟာ ရုရှရဲ့ အရေးပါတဲ့ ပါတနာနိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ နှစ်နိုင်ငံ ဆက်ဆံရေးဟာ တရားမျှတမှုအတွက် ဘုံ တိုက်ပွဲဝင်မှုနဲ့ သမိုင်းကြောင်းအပေါ် အခြေခံပါတယ်” ဟု လက်ဗ်ရော့ဗ်က အစည်းအဝေးတွင် ပြောသည်။

ဗီယက်နမ်နှင့် ရုရှသည် ဆိုဗီယက်ခေတ်ကတည်းက နီးကပ်သည့် ဆက်ဆံရေး ရှိပြီး ဟနွိုင်းသည် ယူကရိန်းအပေါ် ရုရှ ကျူးကျော်စစ်ဆင်နွှဲခြင်းကို လက်ရှိအချိန်အထိ ပြစ်တင်ရှုတ်ချမထားပေ။

နှစ်နိုင်ငံသည် ၎င်းတို့၏ “ပြည့်စုံ ကျယ်ပြန့်သော မဟာဗျူဟာ မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု” ၏ ၁၀ နှစ်ပြည့် အထိမ်းအမှတ် ကျရောက်ချိန် လက်ဗ်ရော့ဗ်က ဗီယက်နမ် ခရီးစဉ် ရောက်ရှိလာခြင်း ဖြစ်သည်။

ရုရှ နိုင်ငံခြားရေးဝန်ကြီးသည် ယခုအပတ်ထဲ ဂျီ ၂၀ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတစ်ခု တက်ရောက်ရန် အင်ဒိုနီးရှားသို့ သွားရောက်မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly