အာဖဂန်တာလီဘန်တို့က ပါကစ္စတန်ဘက်သို့ လက်နက်များ မှောင်ခိုထုတ်နေ

အာဖဂန်တာလီဘန်တို့က ပါကစ္စတန်ဘက်သို့ လက်နက်များ မှောင်ခိုထုတ်နေ

တာလီဘန်တပ်ဖွဲ့များသည် ယခင်အာဖဂန်အစိုးရ လုံခြုံရေးတပ်ဖွဲ့ဝင်ဟောင်းများ၏ လက်နက်များကို နိုင်ငံတောင်ပိုင်း ဇာဘူလ်ပြည်နယ်ရှိ လက်နက်ရောင်းချသည့် ဈေးတစ်ခု၌ ရောင်းချနေပြီး အဆိုပါ လက်နက်အများစုကို ပါကစ္စတန်ဘက်သို့ မှောင်ခိုထုတ်ကြောင်း Payk Media မီဒီယာက ဖော်ပြသည်။

“တာလီဘန်တပ်မှူးတွေက အရင်လုံခြုံရေးတပ်ဖွဲ့ဝင်ဟောင်းတွေရဲ့ လက်နက်တွေကို ဇာဘူလ်ပြည်နယ်က လက်နက်ဈေးတွေမှာ ရောင်းချနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်” ဟု အာဖဂန် ပြည်တွင်းမီဒီယာတစ်ခုဖြစ်သည့် Payk Media မီဒီယာက တွစ်တာတွင် ရေးသည်။ ဇာဘူလ်၌ တာလီဘန် တပ်မှူးများ လျှို့ဝှက် ရောင်းချသည့် လက်နက်များအနက် အများစုကို ပါကစ္စတန်နိုင်ငံထဲသို့ မှောင်ခို ထုတ်နေသည်ဟု သတင်းရင်းမြစ်များ၏ ပြောကြားချက်ကို ကိုးကားပြီး အဆိုပါ မီဒီယာက ဖော်ပြသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း နိုင်ငံတောင်ပိုင်း ကန်ဒါဟာပြည်နယ်တွင် တာလီဘန် လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်သုံးရိုင်ဖယ်များနှင့် ခဲယမ်းကျည် အများအပြားကို တွေ့ရှိခဲ့သည်။

အဆိုပါ တွေ့ရှိသိမ်းဆည်းခဲ့သော လက်နက်များထဲတွင် အေကေ-၄၇ သေနတ် ၆လက်၊ ပစ္စတို ၁၃ လက်၊ ထောင်နှင့်ချီသည့် အရေအတွက်ရှိသော ကျည်ဆံများနှင့် အာရ်ပီဂျီကျည် ၁၉ ခုတို့ ပါဝင်ကြောင်း အရာရှိတစ်ဦးကို ကိုးကားပြီး ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။

လက်နက်များကို တရားမဝင် ထိန်းသိမ်းထားမှုအတွက် လုံခြုံရေးတပ်ဖွဲ့များက လူ ၃ဦးကို ဖမ်းဆီးခဲ့ကြောင်း အာဖဂန် အကြီးတန်းရဲအရာရှိ မူလာ အဗ္ဗဒူလ် ဂါနီ ဟက်ဘင်က ဇွန် ၂၆ ရက်တွင် ပြောသည်။

အာဖဂန်စ္စတန်တွင် တာလီဘန် ဦးဆောင်သော အစိုးရအနေဖြင့် တရားဥပဒေစိုးမိုးရေးကို ထိန်းသိမ်းနိုင်ရေး ကြိုးပမ်းနေစဉ် လက်နက်ခဲယမ်းများ စုဆောင်းသိမ်းဆည်းသည့် ကြိုးပမ်းမှုများကို သက်ညှာခွင့်လွှတ်ပေး သွားမည် မဟုတ်ကြောင်း အကြီးတန်း ရဲအရာရှိက ပြောသည်။

၂၀၂၁ ခုနှစ် ဩဂုတ်လက အမေရိကန်သည် ယခင်အာဖဂန်အစိုးရတပ်ဖွဲ့ဝင်များ အလိုရှိသလို အသုံးပြုနိုင်စေရန် စစ်ဘက်ဆိုင်ရာ ပစ္စည်းများနှင့် လက်နက် အများအပြားကို ထားရစ်ခဲ့ပြီးနောက် ယင်းတို့သည် နောက်ဆုံးတွင် တာလီဘန်တို့လက်ထဲ ရောက်ရှိသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly