ဖယ်ခုံတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ၄၀ ကျော်သေပြီး KNDF ပူးပေါင်းအဖွဲ့မှ ၁၁ ဦးကျဆုံး

ဖယ်ခုံတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ၄၀ ကျော်သေပြီး KNDF ပူးပေါင်းအဖွဲ့မှ ၁၁ ဦးကျဆုံး

ဇူလိုင် ၆

ဖယ်ခုံမြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ဦးရေ ၄၀ ကျော်သေဆုံးပြီး ထိခိုက်မှုများပြားကာ KNDF ပူးပေါင်းအဖွဲ့မှ ၁၁ ဦးကျဆုံးခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ယနေ့ ဇူလိုင်လ ၆ ရက်တွင် သတင်းထုတ်ပြန်သည်။

ဇူလိုင်လ ၄ ရက်နေ့ နံနက် ၅ နာရီအချိန်၌ ဖယ်ခုံမြို့ မြောက်ဘက် ၃မိုင်အကွာ ကုန်းဆုံနှင့် လွယ်ပတာကျေးရွာအနီးရှိ စစ်ကောင်စီတပ်၏ လွယ်ပသာ ကုန်းစခန်းနှင့် ရွှေပြည်အေးအနီးရှိ ကုန်းစခန်းများကို ကရင်နီတပ်မတော် (KA)၊ KNDF၊ PDF (Phekhon)၊ SSRY အဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုတိုက်ခိုက်မှုများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ် ဘက်မှ ၄၀ ဦးကျော် သေဆုံးခဲ့ပြီး ထိခိုက်မှုများပြားခဲ့သည်။

သို့သော် အကြမ်းဖက်စစ်ကောင်စီ၏ သာလွန်စစ်ကူအင်အားနှင့် အဆမတန် လက်နက်ကြီးပစ်ခတ်မှု တို့ကြောင့် တပ်စခန်းများကိုဝင်ရောက်စီးနှင်းမှုအတွင်း ပူးပေါင်းတပ်ညက်မှ ရဲဘော် ၁၁ ဦးကျဆုံးခဲ့ရသည်ဟု ဆိုသည်။

" လက်နက်ကြီးနဲ့ ထိလို့ ပူးပေါင်းအဖွဲ့ဘက်က ကျတာ၊ ဒီတစ်ခါ အကျအဆုံး အများဆုံးပဲ။ ထိခိုက်ဒဏ်ရာရလည်းများတယ်။ ပူးပေါင်းထိုးစစ်ဆင်ဖို့ လုပ်နေတုန်း လက်နက်ကြီးကျတာ" ဟု PDF နှင့် နီးစပ်သူက သိရှိထားသည့်အခြေအနေကို ပြောပြသည်။

ထိုနေ့နေ့လယ်တွင် အင်အား၃၀ကျော်ဖြင့် စစ်ကူလာသည့် စစ်ကောင်စီတပ်များကို ဖယ်ခုံနှင့်မိုးဗြဲကြားတွင် ပူးပေါင်းအဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ သေဆုံးထိခိုက်မှုများ ရှိခဲ့သည်ဟု ဆိုသည်။

ထိုတိုက်ပွဲအခြေအနေများနှင့် ပတ်သက်ပြီး အသေးစိတ်ကို သိရှိနိုင်ရန် KNDF ဘက်ကို မဇ္ဈိမက ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလိုင်းအခက်အခဲကြောင့် အဆက်အသွယ်မရရှိခဲ့ပေ။

အကြမ်းဖက်စစ်ကာင်စီ၏ လွယ်ပတာစခန်းကို သိမ်းပိုက်ရရှိလုနီးပါးဖြစ်ခဲ့သော်လည်း သာလွန်စစ်ကူအင်အားနှင့် လက်နက်ကြီးတို့ကြောင့် ပူးပေါင်းတပ်များမှာ နေ့လယ်ပိုင်းတွင် ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု KNDF၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အကြမ်းဖက် စစ်ကောင်စီတပ်များကို ခုခံတိုက်ခိုက်ရင်း ရဲရင့်စွာကျဆုံးသွားသော ရဲဘော်များ၏ စျာပနအခမ်းအနားကို ယနေ့ပြုလုပ်နေပြီး အာဇာနည် သူရဲကောင်းများအဖြစ် KNDF မှ သမိုင်းမှတ်တမ်းတင်အလေးပြုပါသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#ဖယ်ခုံ

#လွယ်ပသာကုန်းစခန်း

#ရွှေပြည်အေး

#KNDF

#KA

#PDF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly