မုံရွာ- ချောင်းဦးလမ်းပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ

မုံရွာ- ချောင်းဦးလမ်းပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ

ဇူလိုင် ၆

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ဘက်မှလာသည့် စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းသည် မုံရွာ-ချောင်းဦး လမ်းပိုင်း တွင် ဇူလိုင်လ ၅ ရက်၊ နံနက် ၈ နာရီဝန်းကျင်က မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရကြောင်း ဒေသကာကွယ်ရေးအဖွဲ့ ထံမှ သိရသည်။

“ခွေး(စစ်ကောင်စီတပ်သား)တွေ မိုင်းရှာလာရင်းနဲ့ ပွိုင့်ပေါ်ကို ခွေးသုံးကောင်ရောက်လာတယ်ဗျ။ နောက် က ကားကလည်း နောက်ပွိုင့်ပေါ်ရောက်နေတဲ့အချိန် ကွက်တိ ခွဲလိုက်တာပါ” ဟု South Monywa PDF အဖွဲ့၏ပြောခွင့်ရှိသူရဲဘော်က မဇ္စျိမကို ပြောသည်။

Jammer ကား၊ အငြိမ်းစားစစ်ကောင်စီအရာရှိပါလာသည့် အိမ်စီးကားနှင့် ခြေလျင်စစ်ကောင်စီတပ်သား များပါဝင်သည့် စစ်ကောင်စီစစ်ကြောင်းကို မုံရွာ- မန္တလေးလမ်းမကြီး၏ မုံရွာ-ချောင်းဦးလမ်းပိုင်းတနေရာ တွင် မိုင်းလေးလုံးဆွဲကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်သေဆုံးမှုများလည်းရှိကြောင်း ၎င်းကပြောသည်။

“အငြိမ်းစားစစ်ကောင်စီအရာရှိကတော့ ဒဏ်ရာအပြင်းအထန်ရတာလောက်ပဲ သိရသေးတယ်။ မျက်မြင် တွေ့ရှိသူတွေနဲ့ တပ်တွင်းသတင်းတွေအရ သုံးကောင်သေ တစ်ကောင်ပြင်းထန်ဒဏ်ရာရနဲ့ အများအပြား ထိခိုက်တယ်လို့ သိရပါတယ်ဗျ” ဟု South Monywa PDF အဖွဲ့၏ ပြောခွင့်ရှိသူ ရဲဘော်က ဆိုသည်။

ယခုတိုက်ခိုက်မှုကို South Monywa PDF နှင့် Black Hunter People’s Task Force တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်သူများအနေဖြင့် စစ်ကောင်စီကားများနှင့် ကပ်မလိုက်ကြရန်၊ စစ်သားများ၊ ရဲများ၏အနီး မနေကြရန် နှင့် သက်ဆိုင်ရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ကြေညာချက်များကို လိုက်နာပေးကြရန်လည်း South Monywa PDF အဖွဲ့၏ ပြောခွင့်ရှိသူ ရဲဘော်က ပြောသည်။

#Mizzima

#စစ်ကိုင်းတိုင်း

#မုံရွာမြို့

#မုံရွာ-ချောင်းဦးလမ်းပိုင်း

#စစ်ကောင်စီတပ်ဖွဲ့

#မိုင်းဆွဲတိုက်ခိုက်ခံရ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required