အငြင်းပွားဖွယ် ရုရှကုန်တင်သင်္ဘောက တူရကီဆိပ်ကမ်း၌ သောင်တင်နေ 

အငြင်းပွားဖွယ် ရုရှကုန်တင်သင်္ဘောက တူရကီဆိပ်ကမ်း၌ သောင်တင်နေ 
Photo - AFP

ဇူလိုင် ၆

ယူကရိန်းနှင့် ရုရှကြား ဂျုံနှင့်ပတ်သက်ပြီး ငြင်းခုံအချင်းများမှု၏ အဓိကဖြစ်သည့် ရုရှအလံတင် ကုန်တင်သင်္ဘောသည် တူရကီ၏ ပင်လယ်နက်ကမ်းရိုးတန်းသို့ မမျှော်လင့်ဘဲ ရောက်ရှိလာပြီးနောက် ကျောက်ချကာ သောင်တင်လျက်ရှိနေသည်မှာ အင်္ဂါနေ့တွင် လေးရက်တင်းတင်းပြည့်ပြီဖြစ်သည်။ 

ရုရှသိမ်းပိုက်ထားသော ဘာ့ဒ်ယန့်စ်ဆိပ်ကမ်းမှနေ၍ Zhibek Zholy ကုန်တင်သင်္ဘောသည် သိမ်းဆည်းထားသော ဂျုံများကို တင်ဆောင်ပြီး ထွက်ခွာသွားခြင်းဖြစ်ကြောင်း ယူကရိန်းက စွပ်စွဲထားသည်။ 

ကုန်တန်ချိန် ၇,၀၀၀ တင်ဆောင်သော ယင်းသင်္ဘောက ရုရှအလံလွှင့်ထူကာ ခုတ်မောင်းကြောင်းကို ရုရှက ဝန်ခံပြောသော်လည်း မည်သည့်အမှားမျှ ကျူးလွန်ခြင်း မရှိကြောင်း ငြင်းဆန်သည်။ 

ထို သင်္ဘောကို ဖမ်းဆီးရန် ယူကရိန်း၏ ဖိအားပေးမှုများနှင့် ရင်ဆိုင်နေရသော်လည်း နေတိုးအဖွဲ့ဝင် တူရကီနိုင်ငံက ရုရှနှင့်ရော ယူကရိန်းနှင့်ပါ ပွင့်လင်းသော ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းနိုင်ရန် ကြိုးစားနေပြီး ယခု သင်္ဘောကိစ္စနှင့် ပတ်သက်၍ တစ်စုံတစ်ရာမှ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။ 

ဖေဖော်ဝါရီလအတွင်း ရုရှက အိမ်နီးချင်း ယူကရိန်းကို ကျူးကျော်ချိန်မှစကာ ပင်လယ်နက်ကိုဖြတ်၍ ပထမဆုံး တရားဝင် ဂျုံတင်ပို့မည့် ကုန်တင်သင်္ဘော စတင်ထွက်ခွာကြောင်း ယူကရိန်းအရှေ့တောင်ပိုင်းက ရုရှခန့်အပ်သော ဒေသအုပ်ချုပ်ရေးမှူတစ်ဦးက ပြောလာချိန်၌ ယခု အငြင်းပွားမှု စတင်ပေါ်ပေါက်လာခြင်း ဖြစ်သည်။ 

ယူကရိန်းပိုင် ပစ္စည်းများကို နိုင်ငံပိုင် သိမ်းယူပြီး ဒေသခံ တောင်သူလယ်သမားများမှ ကောက်ပဲသီးနှံများကို ဝယ်ယူခြင်းဖြစ်ကြောင်း ရုရှက အတည်ပြုဆိုသည်။ ယူကရိန်းကမူ ၎င်းတို့၏ ဂျုံများ ခိုးနှံခံရခြင်း ဖြစ်ပြီး ရုရှ၏ စစ်ရေးအတွက် ရန်ပုံငွေအဖြစ် အသုံးချနေကြောင်း ပြောသည်။ 

Zhibek Zholy ကုန်တင်သင်္ဘောသည် တူရကီ၏ ပင်လယ်နက်ဆိပ်ကမ်း ကာရာစုသို့ ရောက်ရှိနေပြီး ကမ်းရိုးတန်းမှ တစ်ကီလိုမီတာခန့်တွင် ရပ်နားကြောင်း ရေကြောင်းဝက်ဘ်ဆိုက်များက ဖော်ပြသည်။ 

အဆိုပါ ကုန်တင်သင်္ဘော ရောက်ရှိလာခြင်းကို အငြင်းပွားမှု တစ်ခုလုံး၌ အများဆုံး တရားဝင်ပြောဆိုမှုအဖြစ် တူရကီနိုင်ငံဆိုင်ရာ ယူကရိန်းသံအမတ်ကြီးက ကြေညာခဲ့ခြင်း ဖြစ်သည်။ 

တူရကီအနေဖြင့် ယင်းသင်္ဘောနှင့် ပတ်သက်ပြီး “ဆီလျော်သလို အရေးယူဆောင်ရွက်ရန်” ၎င်းက တွစ်တာမှနေ၍ ရေးသားတိုက်တွန်းပြီး သင်္ဘောကို ဌာနေကမ်းခြေစောင့်တပ်က တရားဝင်ဖမ်းဆီးထိန်းသိမ်းထားသည်ဟု ယူကရိန်းနိုင်ငံ နိုင်ငံပိုင်ရုပ်သံသို့ ပြောခဲ့သည်။ 

ကာရာစုဆိပ်ကမ်း၏ သဲသောင်ကမ်းခြေမှပင် ရှင်းရှင်းလင်းလင်း လှမ်းမြင်နိုင်သည့် ရပ်ထားရသော အဆိုပါ ကုန်တင်သင်္ဘောနှင့် ပတ်သက်ပြီး တူရကီတာဝန်ရှိသူများက မည်သည့် ထင်မြင်ချက်မှ ပေးလာခြင်း မရှိသေးပေ။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required