သန်လျင်တွင်စစ်ကောင်စီတပ်က တင်းကျပ်စွာစစ်ဆေးနေပြီး ပြည်သူ့အချို့ ဖမ်းဆီးခံရ

သန်လျင်တွင်စစ်ကောင်စီတပ်က တင်းကျပ်စွာစစ်ဆေးနေပြီး ပြည်သူ့အချို့ ဖမ်းဆီးခံရ

ဇူလိုင်လ ၅ ရက်

ရန်ကုန်တိုင်းတောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်အတွင်း စစ်ကောင်စီတပ်က စစ်ဆေးမှုများတင်းကျပ်စွာ လုပ်ဆောင်နေပြီး ပြည်သူအချို့ မှားယွင်းဖမ်းဆီးခံရမှုများရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

“ သန်လျင်မြို့နယ်မှာ စစ်ကောင်စီတပ်တွေက ဖိနှိပ်မှုတွေလုပ်နေတာကြာပါပြီ။ ဧည့်စာရင်းစစ်တာတွေ အပြင် သတင်းအရဝင်ရောက်ရှာဖွေတာမျိုးတွေကို ပါလုပ်နေတာပါ။ အဲဒီလိုဖြစ်စဉ်တွေမှာ မဆိုင်တဲ့ ပြည်သူအချို့ မှားယွင်းဖမ်းဆီးခံရတာမျိုးတွေလည်းရှိနေတယ်” ဟု သန်လျင်ဒေသခံ သတင်းရင်းမြစ်က မဇ္ဈိမသို့ ပြောသည်။

ဇူလိုင်လ ၃ ရက်နေ့ ညနေ ၆ နာရီခန့်တွင်လည်း သန်လျင်မြို့နယ် မလုံရှိဘုန်းကြီးကျောင်းတစ်ကျောင်း ကို PDF များရှိသည်ဆိုကာ စစ်ကောင်စီတပ် အင်အားအများအပြားဖြင့် ဝင်ရောက်စီးနင်းခဲ့ပြီး ပြည်သူ ၁၁ ဦးနီးပါး ဖမ်းဆီးခံခဲ့ရသည့် ဖြစ်စဉ်လည်း ရှိခဲ့သည်။

“ စစ်ကောင်စီတပ်က စစ်ကားလေးစီး အင်အားအလုံးအရင်းနဲ့ ထမလုံက မြယာရိုးဘုန်းကြီးကျောင်းကို PDF တွေ ရှိတယ်ဆိုပြီး ဝင်စီးတယ်လို့ သိရတယ်။ ဒလန်သတင်းပေးကြောင့်ပါ။ ဝင်ဖမ်းတဲ့အခါမှာ အဲဒီရွာ က ပြည်သူ ၁၁ ယောက် ဖမ်းဆီးခံရတယ်။ ဖမ်းခံလိုက်ရသူတွေက ရွာသားတွေပါ။ PDF မဟုတ်ဘူး။ အခု တော့ အကုန်လုံးကို ပြန်လွှတ်ပေးလိုက်ပြီလို့ ကြားတယ်” ဟု သတင်းရင်းမြစ်က ပြောသည်။

သန်လျင်မြို့နယ်တွင် အခြေစိုက်လှုပ်ရှားနေသည့် သန်လျင်ဗိုလ်နဂါးအဖွဲ့ခေါင်းဆောင် ဖမ်းဆီးခံရပြီး နောက် ဆက်စပ်ပတ်သက်သူများကို စစ်ကောင်စီတပ်က လိုက်လံဖမ်းဆီးမှုများပြုလုပ်နေသည့်အတွက် ပတ်သက်ဆက်နွယ်သူများအနေဖြင့် နေရာရွှေ့ပြောင်းနေထိုင်ကြရန် သန်လျင်ရှိ မြေအောက်တော်လှန် ရေးအဖွဲ့တစ်ခုမှ တာဝန်ရှိသူကလည်း သတိပေးထားသည်။

စစ်ကောင်စီတပ်က သန်လျင်မြို့နယ်တွင် စစ်ဆေးမှုများကို အင်အားအလုံးအရင်းဖြင့် နေ့ရောညပါ တင်းကျပ်စွာလုပ်ဆောင်နေသလို မြို့နယ်အတွင်း ဆိုင်ကယ်စီးနင်းခွင့် ပိတ်ပင်ထားသည့်အတွက် ပြည်သူ များ အခက်အခဲဖြင့် ရင်ဆိုင်နေရသည်။

“ ဆိုင်ကယ်စီးနင်းခွင့်ကတော့ အခုထိ ပိတ်ထားတုန်းပဲ။ ကျောင်းကြိုကျောင်းပို့လုပ်တဲ့အချိန်မှာတော့ စီးလို့ရတယ်။ ကျန်တဲ့အချိန်တွေတော့ ခိုးစီးကြရတာပေါ့။ ပြည်သူတွေလည်း စားဝတ်နေရေးအခက် အခဲတွေ အများကြီးရှိနေတယ် ” ဟု သန်လျင်ဒေသခံတစ်ဦးက ပြောသည်။

သန်လျင်မြို့နယ်အတွင်း၌ ကာကွယ်ရေးတပ်ဖွဲ့၏တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်နှင့် ၎င်းတို့ ထောက်တိုင်များ သေဆုံးဒဏ်ရာရမှုများရှိလာခဲ့ပြီးသည့်နောက် မေလ ၁၈ ရက်နေ့မှစတင်ကာ မြို့နယ် အတွင်း ဆိုင်ကယ်စီးနင်းခွင့်ပိတ်ပင်ကာ လုံခြုံရေးတင်းကျပ်လာခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရှိ ယခင်ကဆိုင်ကယ်စီးနင်းခွင့်ရှိသည့် မြို့နယ်အများစုနှင့် ကျေးရွာများတွင်လည်း စစ်ကောင်စီတပ်က ဆိုင်ကယ်စီးနင်းခွင့်ပိတ်ပင်ထားခြင်းကြောင့် ပြည်သူများ အခက်အခဲများဖြင့် ရင်ဆိုင်နေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly