တရားဝင်ဆက်လက်ရပ်တည်ရေးအတွက် ရွေးကောက်ပွဲကော်မရှင်၏ စစ်ဆေးမှုခံယူကြောင်း SNLD ပါတီ ပြောကြား

တရားဝင်ဆက်လက်ရပ်တည်ရေးအတွက် ရွေးကောက်ပွဲကော်မရှင်၏ စစ်ဆေးမှုခံယူကြောင်း SNLD ပါတီ ပြောကြား

ဇူလိုင်လ ၅ ရက်

စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်က ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)၏ ပါတီ လုပ်ငန်းဆိုင်ရာ စစ်ဆေးခြင်းများကိုပြုလုပ်ပြီးကြောင်း ဇူလိုင်လ ၅ ရက်နေ့တွင် စစ်ကောင်စီက သတင်း ထုတ်ပြန်သည်။

နှစ်ဖက်သဘောတူညီမှုဖြင့် ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် စစ်ဆေးခဲ့ခြင်းဖြစ်ပြီး တရားဝင် ဆက်လက် ရပ်တည်ရေးအတွက် စစ်ဆေးခံခဲ့ခြင်းဖြစ်ကြောင်း ပါတီ၏ပြောရေးဆိုခွင့်ရှိသူ စိုင်းကျော်ညွန့်ကမဇ္ဈိမကို ပြောသည်။

“အခြေအနေက အထွေအထူးတော့ မဟုတ်ဘူးပေါ့ဗျာ။ ပါတီထဲမှာဆွေးနွေးတဲ့အခါမှာ ပါတီဆက်လက် ရပ်တည်ဖို့လိုတယ်။ နောက် ကျနော်တို့အမျိုးသားအရေး၊ သျှမ်းပြည်အရေး၊ ပြည်ထောင်စုအရေး ဆက် လုပ်ဖို့ဆိုရင် ကျနော်တို့ တရားဝင်ဆက်လက်ရပ်တည်ဖို့လိုမယ်” ဟု ၎င်းကဆိုသည်။

ရွေးကောက်ပွဲကော်မရှင်က ဇွန်လ ၃၀ရက်နေ့မှ ဇူလိုင်လ ၃ ရက်နေ့အထိ လေးရက်တာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အားနည်းချက်အချို့မှလွဲ၍ ထူးထူးခြားခြားမရှိခဲ့ကြောင်း SNLD က ဆိုသည်။

စစ်တပ်ကအာဏာသိမ်းပြီးနောက် ဖွဲ့စည်းခဲ့သည့်ရွေးကောက်ပွဲကော်မရှင်က ပါတီကိုစစ်ဆေးရန်နှစ်ကြိမ် တိုင်တိုင်ခေါ်ယူခဲ့သော်လည်း သွားရောက်စစ်ဆေးခံခဲ့ခြင်းမရှိဘဲ ရုံးချုပ်တွင်သာ လာရောက်စစ်ဆေးရန် ပြောဆိုခဲ့သည်။

သို့သော်လည်း လက်ရှိအချိန်တွင် နှစ်ဖက်လုံးမှ တောင်ကြီးမြို့ကို သဘောတူသတ်မှတ်ပြီး စစ်ဆေးခြင်း ကို ပြုလုပ်ခဲ့သည်။ ထိုသို့ ပါတီကိုအစစ်ဆေးခံခဲ့ပြီးနောက် စစ်ကောင်စီကပြုလုပ်မည့် ရွေးကောက်ပွဲတွင် ပါဝင်ခြင်းရှိမရှိကို စိုင်းကျော်ညွန့်က “အခုက ရွေးကောက်ပွဲနဲ့ လားလားမှမသက်ဆိုင်ပါဘူး” ဟု ဆိုသည်။

စစ်ကောင်စီ၏ရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီ ၈၅ ပါတီကို စစ်ဆေးခြင်းများပြုလုပ်ခဲ့ပြီး NLD အပါအဝင် ခြောက်ပါတီ စစ်ဆေးရန်ကျန်ရှိနေသေးကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly