ပါကစ္စတန်တွင် ပိုလီယိုကာကွယ်ဆေးအဖွဲ့ တိုက်ခိုက်ခံရပြီး လူ ၃ ဦး သေဆုံး

ပါကစ္စတန်တွင် ပိုလီယိုကာကွယ်ဆေးအဖွဲ့ တိုက်ခိုက်ခံရပြီး လူ ၃ ဦး သေဆုံး

ပါကစ္စတန်နိုင်ငံ မြောက်ဝါဇီရစ္စတန် ခရိုင်တွင် ပြီးခဲ့သည့် ဇွန် ၂၈ ရက်က ပိုလီယိုကာကွယ်ဆေးအဖွဲ့တစ်ဖွဲ့ကို သေနတ်သမားများက တိုက်ခိုက်ခဲ့၍ ရဲနှစ်ဦးနှင့် ကျန်းမာရေးလုပ်သားတစ်ဦးတို့ သေဆုံးကာ လမ်းသွားလမ်းလာတစ်ဦး ကျည်ဆံထိမှန် ဒဏ်ရာများ ရခဲ့သည်။

သေနတ်သမားများသည် ဆိုင်ကယ်တစ်စီး စီးရင်း ရဲများနှင့် ကျန်းမာရေးလုပ်သားတို့ကို ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ရဲများနှင့် ကျန်းမာရေးလုပ်သားတို့သည် မငြိမ်မသက်ဖြစ်နေသည့် ထိုဒေသတွင် ကလေးငယ်များကို ပိုလီယိုကာကွယ်ဆေးတိုက်ကျွေးရန် တစ်အိမ်တက်ဆင်း သွားလာနေခဲ့ကြသူများဖြစ်ကြောင်း ရဲတပ်ဖွဲ့ တာဝန်ရှိသူများက ပြောသည်။

ထိုဖြစ်စဉ်သည် အာဖဂန်နစ္စတန်နိုင်ငံ နယ်စပ်အနီး ဒတ်တာခဲလ်အရပ် တန်ကာလီ ဧရိယာတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

တိုက်ခိုက်ခံရမှုကြောင့် ရဲနှစ်ဦးနှင့် ကျန်းမာရေးလုပ်သားတစ်ဦးတို့ အသက်စွန့်သွားကြရသည်ဟု ပါကစ္စတန်၏ ဌာနပေါင်းစုံ ပြည်သူ့ဆက်ဆံရေး (ISPR) ဌာနက ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောသည်။

သေဆုံးခဲ့သည့် ရဲများ၏ အမည်များမှာ ဒင်း ရှားဟီးဒ် ခန်း နှင့် ရာဇာအူလာတို့ ဖြစ်ပြီး ကျန်းမာရေးလုပ်သား၏ အမည်မှာ ရာရှီးဒူလာ ဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် အသက် ၈ နှစ်အရွယ် မိုဟာမက် ခန်း အမည်ရှိ ယောကျ်ားလေးတစ်ဦးလည်း ဒဏ်ရာရရှိခဲ့သည်။ ၎င်းကို မီရမ်ရှားမြို့ရှိ ဆေးရုံတစ်ခုသို့ ပို့ဆောင်ပေးထားသည်။

အဆိုပါဧရိယာ၌ သေနတ်သမားများကို ရှာဖွေရန် စစ်ဆင်ရေးတစ်ခုကို လုပ်ဆောင်ခဲ့ပြီး လက်ရှိအချိန်အထိ ဖမ်းဆီးမှု တစ်စုံတစ်ရာ မရှိခဲ့ဟု ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

ယခုနှစ် ဧပြီလနောက်ပိုင်း မြောက်ဝါဇီရစ္စတန်၌ ပိုလီယိုအကြောသေရောဂါဖြစ်ပွားမှု ၁၁ ခု ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly