လေပိုင်နက် ကျူးကျော်မှုအတွက် မြန်မာဘက်က တရားဝင် တောင်းပန်စာ ပေးပို့မည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြော 

လေပိုင်နက် ကျူးကျော်မှုအတွက် မြန်မာဘက်က တရားဝင် တောင်းပန်စာ ပေးပို့မည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြော 

ဇူလိုင်လ ၅ ရက်

ထိုင်းနိုင်ငံ၏ ပိုင်နက် တာ့ခ်ပြည်နယ်က Phop Phra ခရိုင်တွင် ဇွန် ၃၀ ရက်က MiG-29 တိုက်လေယာဉ်တစ်စင်း ဝေဟင်ကျူးကျော်လာခြင်းအတွက် မြန်မာဘက်က တရားဝင် တောင်းပန်စာ ပေးပို့မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန် ပရာမတ်ဝီနိုင်းက အင်္ဂါနေ့တွင် ပြောသည်။ 

တနင်္လာနေ့က ပုဂံတွင် ကျင်းပသော ခုနစ်ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး LMC နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် စစ်ကောင်စီခန့် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သီတင်းပတ်တာ ကက်ဘိနက်အစည်းအဝေး မတိုင်ခင် ဒွန် ပရာမတ်ဝီနိုင်းက ပြောခြင်း ဖြစ်သည်။ 

အဆိုပါ ဆွေးနွေးမှု၌ မြန်မာလေတပ်မှ MiG-30 လေယာဉ်တစ်စင်း ဇွန် ၃၀ ရက်တွင် ထိုင်းနိုင်ငံဘက်သို့ ကျူးကျော်ဝင်ရောက်လာသည် ကိစ္စရပ်အပါအဝင် အကြောင်းအရာ တော်တော်များများကို ဆွေးနွေးခဲ့ကြသည်။ 

စစ်ကောင်စီခန့် မြန်မာနိုင်ငံခြားရေးဝန်ကြီးသည် စိတ်မကောင်းဖြစ်ရကြောင်း ဖော်ပြပြီး မရည်ရွယ်ဘဲ ဖြစ်ရခြင်းအတွက် မြန်မာအနေဖြင့် ထိုင်းနိုင်ငံသို့ တရားဝင် တောင်းပန်စာ ပေးပို့သွားမည်ဟု ပြောဆိုခဲ့ကြောင်း ဒွန်က ဆိုသည်။ 

ထိုင်းနယ်စပ်တစ်လျှောက်၌ တိုင်းရင်းသားလက်နက်ကိုင်များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ဖြစ်ပွားနေဆဲ ဖြစ်ခြင်းကြောင့် ယခုကဲ့သို့သော ဖြစ်ရပ်မျိုး မပေါ်ပေါက်အောင် မြန်မာဘက်က ပြောဆိုခြင်း ရှိလားဟု မေးမြန်းမှုကို နောက်တစ်ကြိမ် ထပ်မံ မဖြစ်ပွားစေရဟု မြန်မာဘက်က အခိုင်အမာ ပြောဆိုကြောင်း ၎င်းက ဖြေဆိုသည်။ 

လွန်ခဲ့သော ၁၀ နှစ်ကျော်ကလည်း အလားတူဖြစ်ရပ်မျိုး ဖြစ်ပွားခဲ့ဖူးကြောင်း ဒွန်က ပြောသည်။ ကျူးကျော်မှု ဖြစ်သည်ကို သတင်းပေးပို့သည့်အခါ မြန်မာဘက်က နောက်တစ်ကြိမ် မဖြစ်ပွားအောင် ထိထိရောက်ရောက် တားဆီးခဲ့သည်ဟု ၎င်းက ပြောသည်။ 

နယ်စပ်က ထိုင်းဘက်ခြမ်း တာ့ခ်ပြည်နယ်တွင် ထိုင်းစစ်တပ်က ပုံမှန်ကင်းလှည့်မှုများ ဆောင်ရွက်လျက်ရှိပြီး မြန်မာဘက်က တိုက်ပွဲများကို အနီးကပ် စောင့်ကြည့်လျက် ရှိနေသည်။ 

ထိုင်း-မြန်မာ နယ်စပ်ကော်မတီ၏ သဘောတူညီချက်တစ်ရပ်အရ နယ်စပ်ထိုင်းဘက်ခြမ်းသို့ လက်နက်ကြီးကျည် ကျရောက်ခဲ့လျှင် ထိုင်းဘက်က မီးခိုးဗုံးဖြင့် သတိပေးပစ်ခတ်မည် ဖြစ်သည်။ ဆက်လက်၍ ကျည်ကျရောက်နေပြီး ထိုင်းပြည်သူများအတွက် ဘေးအန္တရာယ် ရှိလာနိုင်ပါက ထိုင်းနိုင်ငံက ကျည်စစ်ဖြင့် ပြန်လည်ပစ်ခတ်နိုင်မည် ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly