ဩစတြေးလျ ရေကြီးမှုက ပိုမိုဆိုးဝါးလာပြီး လူထောင်ချီ ဘေးလွတ်ရာ ထပ်မံရွှေ့ပြောင်း

ဩစတြေးလျ ရေကြီးမှုက ပိုမိုဆိုးဝါးလာပြီး လူထောင်ချီ ဘေးလွတ်ရာ ထပ်မံရွှေ့ပြောင်း

ဇူလိုင် ၅

ဩစတြေးလျနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်း၌ ဇူလိုင် ၅ ရက်တွင် မိုးဆက်လက်ကြီးနေခဲ့သဖြင့် ဆစ်ဒနီ၌ ရေကြီးမှု အကျပ်အတည်းကို ပိုမို အရှိန်မြင့်တက်စေခဲ့သည်။ မြစ်ရေများက အန္တရာယ်ရှိ လယ်ဗယ်များကို မြန်ဆန်စွာ ကျော်လွန် မြင့်တက်ခဲ့ပြီးနောက် နောက်ထပ် ဒေသခံ ထောင်နှင့်ချီတို့ကို ၎င်းတို့၏ နေအိမ်များမှ ထွက်ခွာပြီး ဘေးလွတ်ရာ ရွှေ့ပြောင်းကြရန် တာဝန်ရှိသူများက ညွှန်ကြားထားသည်။

ဆစ်ဒနီ၏ အနောက်ပိုင်း ဆင်ခြေဖုံးအရပ်များတွင် နေထိုင်သူအများစု အပါအဝင် နယူးဆောက်ဝေးပြည်နယ်ရှိ ဒေသခံ ၅၀,၀၀၀ ခန့်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းထွက်ခွာရန် ပြောကြားထားခြင်း သို့မဟုတ် ရွှေ့ပြောင်းထွက်ခွာခိုင်းသည့် ညွှန်ကြားချက်များ ကျလာနိုင်သည်ဟု သတိပေးထားခြင်းတို့ကို လုပ်ဆောင်ထားကြောင်း အာဏာပိုင်များက ပြောသည်။ ယင်းသည် တနင်္လာနေ့က ဘေးလွတ်ရာ ရွှေ့ပြောင်းခိုင်းခံရသူ ၃၀,၀၀၀ ကနေ မြင့်တက်လာခြင်း ဖြစ်သည်။

“ဒီဖြစ်ရပ်က ပြီးဖို့ ဝေးပါသေးတယ်” ဟု နယူးဆောက်ဝေးပြည်နယ်ဝန်ကြီးချုပ် ဒိုမစ်နစ် ပါရော့တက်က သတင်းထောက်များကို ပြောသည်။ “ခင်ဗျားတို့ ဘယ်နေရာမှာပဲဖြစ်ဖြစ်၊ လမ်းတွေမှာ ကားမောင်းချိန်မှာ ကျေးဇူးပြုလို့ ဂရုစိုက်ပေးကြပါ။ ရုတ်တရက် ရေကြီးမှုတွေဖြစ်နိုင်တဲ့ အန္တရာယ်တွေ ရှိနေဆဲဖြစ်လို့ပါ” ဟု ၎င်းက ပြောသည်။

ဥရောပသို့ တစ်ပတ်ကြာ ခရီးသွားခဲ့ပြီး အင်္ဂါနေ့တွင် နိုင်ငံကို ပြန်ရောက်လာခဲ့သည့် ဩစတြေးလျဝန်ကြီးချုပ် အန်ထော်နီ အယ်လ်ဘာနိစ်က ၎င်းအနေဖြင့် ပါရော့တက်နှင့်အတူ ဗုဒ္ဓဟူးနေ့တွင် ရေဘေးသင့် ဒေသများသို့ သွားရောက်ကြည့်ရှုမည်ဖြစ်ကြောင်း ပြောသည်။

ဖက်ဒရယ် အစိုးရသည် ယခု ရေကြီးမှုများကို သဘာဝဘေးဒုက္ခဆိုးတစ်ခုအဖြစ် ကြေညာထားပြီး ရေဘေးသင့် ပြည်သူများ အရေးပေါ် ငွေကြေးအထောက်အပံ့များ ရရှိစေရေး ကူညီပေးလျက် ရှိသည်။

ဧရိယာအချို့တွင် တစ်နှစ်စာ မိုးရေချိန်နှင့် ညီမျှသည့် မိုးကို သုံးရက်အတွင်း ရွာသွန်းမှု ဖြစ်ပေါ်စေခဲ့သည့် ယခုနောက်ဆုံး မုန်တိုင်းတိမ်စိုင်က အင်္ဂါနေ့မှစပြီး ဆစ်ဒနီ၌ လျော့ပါးသွားဖွယ် ရှိနေပြီး ကမ်းရိုးတန်း လေဖိအားနည်းရပ်ဝန်းက မြောက်ဘက်သို့ ရွေ့လျားနေကြောင်း မိုးလေဝသ ဗျူရို (BoM) က ပြောသည်။

သို့သော် ယခုသီတင်းပတ်တစ်လျှောက်လုံး ရေကြီးမှုအန္တရာယ်က ဆက်ရှိနေနိုင်ပြီး မြစ်ချောင်း မိုးရေခံရပ်ဝန်း အများစုက ယခုနောက်ဆုံး ရေကြီးမှုမတိုင်မီကတည်းက ဝင်ဆံ့သော ပမာဏနားသို့ ရောက်နေနှင့်ပြီး ဖြစ်သည်။ အချို့ဒေသများတွင် စနေနေ့နောက်ပိုင်း မိုးရေချိန် ၈၀၀ မီလီမီတာ (၃၁ ဒသမ ၅ လက်မ) အထိ ရရှိထားခဲ့ရာ ယင်းက ဩစတြေးလျ၏ တစ်နှစ်တာ ပျမ်းမျှ မိုးရေချိန် ၅၀၀ မီလီမီတာ (လက်မ ၂၀) ကို ကျော်လွန်ထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly