“Boycott China” အမှတ်အသားပါ ဦးထုပ်ကို တရုတ်ကထုတ်လုပ်တယ်ဆိုတဲ့ သတင်းအမှား

“Boycott China” အမှတ်အသားပါ ဦးထုပ်ကို တရုတ်ကထုတ်လုပ်တယ်ဆိုတဲ့ သတင်းအမှား

ဇူလိုင်လ ၄ ရက်

"Boycott China" အမှတ်အသားပါ ဦးထုပ်များကို တရုတ်နိုင်ငံကထုတ်လုပ်နေသည်ဆိုသော သတင်း တစ်ခု ဖေ့စ်ဘုတ်တွင် ပျံ့နှံ့လျက်ရှိသည်။ ယင်းမှာ ၂၀၂၀ ခုနှစ်က အိန္ဒိယနိုင်ငံတွင် ထွက်ရှိခဲ့ပြီးသော သတင်းအမှားကို ယခု မြန်မာနိုင်ငံတွင် ပြန်လည်ဖြန့်ဝေနေခြင်းလည်း ဖြစ်သည်။

သတင်းတုတွင် ၂၀၂၀ ခုနှစ် ဇွန် ၄ ရက် ရက်စွဲဖြင့် " China is Manufacturing 'Boycott China' Caps and T-shirts Due to High Demand in India" ( အိန္ဒိယတွင်ဝယ်လိုအားမြင့်တက်မှုကြောင့် Boycott China ဆိုတဲ့ဦးထုပ်တွေကို တရုတ်နိုင်ငံကထုတ်လုပ်) ဟု ရေးသားထားသည့် သတင်းနှင့်အတူ Boycott China အမှတ်အသားပါ ဦးထုတ်အနီရောင်ပုံဖြင့် ပျံ့နှံ့နေခြင်းဖြစ်သည်။

မဇ္ဈိမ၏အချက်အလက်စစ်ဆေးသူများမှ ၎င်းသတင်းတွင်ပါဝင်သည့် “Boycott China Caps”ဆိုသည့် စကားလုံးနှင့်အတူရှာဖွေခဲ့ရာ၌ သတင်းအမှားဖြစ်ကြောင်း တွေ့ရှိခဲ့သည်။

တရုတ်နိုင်ငံပိုင် မီဒီယာတစ်ခုဖြစ်သည့် Global Times သတင်းဝက်ဘ်ဆိုဒ်မှ ဇွန်လ ၂၂ ရက် ၂၀၂၀ ခုနှစ် တွင် “အိန္ဒိယတွင်ရောင်းချနေသည့် 'Boycott China' စားသားပါ တီရှပ်များနှင့် ဦးထုပ်များကို တရုတ် နိုင်ငံတွင် ပြုလုပ်ခဲ့ခြင်း မရှိကြောင်း” ရှင်းလင်းထားသည်။

ထိုရှင်းလင်းချက်တွင် တရုတ်နိုင်ငံ၏ ဥပဒေနှင့် စည်းမျဉ်းများသည် တရုတ်ဆန့်ကျင်ရေးအကြောင်းအရာ နှင့်ဂရပ်ဖစ်များပါသည့် ထုတ်ကုန်များတင်ပို့ခြင်းကိုတားမြစ်ထားကြောင်း အစိုးရသတင်းရင်းမြစ်တစ်ခု က Global Times သို့ ပြောကြားခဲ့သည်။ ထို့ပြင် တရုတ်အထည်အလိပ်ထုတ်ကုန်တင်ပို့သူအများအပြား က ၎င်းတို့သည် မည်သည့် "Boycott China" ပစ္စည်းများကိုမျှ ပြုလုပ်ခြင်း သို့မဟုတ် ရောင်းချခြင်း မပြု ကြောင်း ပြောကြားခဲ့ကြသည်။

“ ဖြစ်နိုင်ချေတစ်ခုကတော့ တရုတ်ကတင်သွင်းတဲ့ တီရှပ်တွေနဲ့ ဦးထုပ်တွေမှာ အိန္ဒိယနိုင်ငံကရောင်းချသူ တွေက ကြွေးကြော်သံတွေကို ရိုက်နှိပ်ခဲ့တာပါ” ဟု Yiwu International Trade City မှ မန်နေဂျာတစ်ဦး ဖြစ်သူ Song Chen (ကလောင်အမည်) က ပြောကြားခဲ့ပါသည်။

ယခုလင့်တွင် bit.ly/2YXrcUD ဝင်ရောက်ကြည့်ရှုနိုင်သည်။

အဆိုပါကိုးကားချက်ကိုပင်အသုံးပြု၍ နိုင်ငံတကာအချက်အလက်စစ်ဆေးရေးကွန်ရက်အဖွဲ့ဝင်ဖြစ်သည့် The Logical Indian ဆိုသည့်သတင်းဝက်ဘ်ဆိုဒ်မှ အဆိုပါသတင်းသည် သတင်းအမှားဖြစ်သည့် အကြောင်း ၂၀၂၀ ခုနှစ် ဇွန်လ ၃၀ ရက်တွင် အချက်အလက်စစ်ဆေးခဲ့သည်။

ယခုလင့်တွင် https://thelogicalindian.com/.../boycott-china-indian... ဝင်ရောက်ဖတ်ရှုနိုင်သည်။

ထို့ကြောင့် 'Boycott China' အမှတ်အသားပါ ဦးထုပ်ကို တရုတ်နိုင်ငံက ထုတ်လုပ်သည်ဆိုသော သတင်း မှာ သတင်းအမှားသာဖြစ်သည့်အပြင် ၂၀၂၀ ခုနှစ်က ပျံ့နှံ့ခဲ့သော သတင်းအမှားကို ပြန်လည်ဖြန့်ဝေနေ ကြခြင်းဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့်သို့ - https://bit.ly/3x5qnf5 ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

#Misinformation_Buster

#Fake_News

#Boycott_China_Product

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly