ဖလမ်းမြို့နယ်တွင် ဆွံ့အနားမကြားသူအပါအဝင် ပြည်သူ ၂ ဦးကို စစ်ကောင်စီတပ်မှ သတ်ဖြတ်

ဖလမ်းမြို့နယ်တွင် ဆွံ့အနားမကြားသူအပါအဝင် ပြည်သူ ၂ ဦးကို စစ်ကောင်စီတပ်မှ သတ်ဖြတ်

ဇူလိုင် ၄

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ဗားလုံကျေးရွာနေ ဆွံ့အနားမကြားသည့် အမေအိုတစ်ဦးအပါအဝင် ပြည်သူ နှစ်ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဗားလုံကျေးရွာအနီး တောထဲတစ်နေရာတွင် ဒေသခံများက အလောင်းတစ်လောင်ကို ဇူလိုင်လ ၃ ရက်နေ့ က တွေ့ရှိ၍ စုံစမ်းခဲ့ရာ အသက် ၆၃ နှစ်အရွယ် ဆွံ့အနားမကြားသည့် Pi Tial Kap ဖြစ်နေကြောင်း ဒေသခံတစ်ဦးကဆိုသည်။

“စစ်ကောင်စီတွေတက်လာတော့ စစ်ရှောင်ကြတဲ့အခြေနေမှာ သူက ဆွံ့အနားမကြားဆိုတော့ မပြေးတာ ပါ။ ရွာခံတွေကလည်း ဘာမှလုပ်လိမ့်မယ် မဟုတ်ဘူးလို့ တွေးကြတာ။ ဦးခေါင်းမှာ ကျည်ထိမှန်ဒဏ်ရာ ရှစ်ချက်လောက်တွေ့တယ်” ဟု အဆိုပါဒေသခံကပြောသည်။

စစ်ကောင်စီတပ်သည် ဇွန်လ ၃၀ ရက်နေ့က ကလေးမြို့မှ ချင်းတောင်ဘက်သို့ တက်လာခဲ့ပြီး အဆိုပါ ဗားလုံကျေးရွာတွင် တစ်ညအိပ်ရပ်နားခဲ့ကြောင်း သိရသည်။

အလားတူ စစ်ကောင်စီတပ်သည် ဇူလိုင်လ ၂ ရက်နေ့က ဖလမ်းမြို့၊ လှာန်ဇောလ်ကျေးရွာမှ ခန္ဓာကိုယ် အောက်ပိုင်းချိနေသည့် အမျိူးသားတစ်ဦးကို လက်ပြန်ကြိုးတုတ်၊ တရွတ်တိုက်ဆွဲခေါ်ပြီး ရက်စက်စွာ သတ်ဖြတ်ခဲ့ကြောင်း ဒေခံများထံမှ သိရသည်။ အသတ်ခံရသည့် ၎င်းအမျိုးသား၏ရုပ်အလောင်းကိုလည်း ယနေ့ထိပြန်မရသေးကြောင်းဆိုသည်။

အဆိုပါစစ်ကောင်စီစစ်ကြောင်းသည် ဖလမ်းမြို့နယ်အတွင်း စစ်ကြောင်းနှစ်ကြောင်းခွဲကာ ပါရ်သဲကျေး ရွာနှင့် ထင်းရှူးစခန်းတို့တွင် တပ်စွဲထားသည်ဟု သိရသည်။

ဗားလုံကျေးရွာ၊ လှာန်ဇော်လ်ကျေးရွာနှင့် ပါရ်သဲကျေးရွာတို့သည် ကလေး- ဖလမ်း လမ်းဘေးရှိကျေးရွာ များဖြစ်ပြီး အဆိုပါကျေးရွာများအတွင်း စစ်ကောင်စီစစ်ကြောင်းများ ဝင်ရောက်တပ်စွဲထားမှုကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်။

#Mizzima

#ချင်းပြည်နယ်

#ဖလမ်းမြို့နယ်

#ဆွံ့အနားမကြား

#စစ်ကောင်စီတပ်မှသတ်ဖြတ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly