တရုတ်က ဒလိုင်းလားမားမွေးနေ့မတိုင်မီ တိဗက်တွင် ကန့်သတ်ချက်များ တင်းကျပ်လာ

By Tibet Rights Collective
03 July 2022
တရုတ်က ဒလိုင်းလားမားမွေးနေ့မတိုင်မီ တိဗက်တွင် ကန့်သတ်ချက်များ တင်းကျပ်လာ

တရုတ်အာဏာပိုင်များသည် ဇူလိုင် ၆ ရက်တွင် ကျရောက်မည့် ဘုန်းတော်ကြီး ဒလိုင်းလားမား၏ မွေးနေ့မတိုင်မီ တိဗက်မြို့တော် လာဆာ၌ ကန့်သတ်ချက်များ ပိုမိုတင်းကျပ်လာကြောင်း Free Tibet ၌ ဖော်ပြထားသည်။

ဂျိုခန်ဘုရားကျောင်း၊ ပိုတာလာနန်းတော်နှင့် ဘုန်းတော်ကြီး တက္ကသိုလ်များဖြစ်သည့် ဂါဒန်၊ ဆီရာနှင့် ဒရီပန်တို ပတ်ဝန်းကျင်ရှိ နေရာနှင့်လမ်းများ အားလုံးအပါအဝင် လာဆာမြို့တစ်လွှားတွင် ရဲကင်းများ တပ်စွဲထားကြောင်း Tibet Watch သတင်းတွင် ဖော်ပြထားသည်။

တည်ငြိမ်မှုထိန်းသိမ်းရေးဟူသော ကြိုတင်ကာကွယ်ရေးအစီအမံတစ်စိတ်တစ်ပိုင်းအဖြစ် ဆန့်ကျင်မည့် အရိပ်အခြေရှိသည့် တိဗက်များနှင့် ၎င်းတို့ဖုန်းများကို ရှောင်တခင်စစ်ဆေးမှုများ လုပ်ဆောင်မည်ဖြစ်သည်။

ဓာတ်ပုံအထောက်အထားများအရ အာဏာပိုင်များသည် အကဲဆတ်သောကာလအတွင်း လှုပ်ရှားမှုများကို စောင့်ကြည့်ရန် လာဆာမြို့ပေါ်၌ ဒရုန်းများလွှတ်တင်ထားသည်။ သို့သော် တိဗက်လူမျိုးများသည် တရုတ် အစိုးရ ၏ တားမြစ်မှုနှင့် စောင့်ကြည့်မှုများ ရှိသော်လည်း
နှစ်သစ်ကူးကာလ၊ မတ်လ ၁၀ တွင်ကျရောက်သည့် တိဗက် အမျိုးသားအုံကြွမှုနေ့နှင့် ဒလိုင်းလားမားမွေးနေ့များကို ကျင်းပကြသည်။

စစ်ဆေးရေးဂိတ်များမှ လုံခြုံရေးဝန်ထမ်းများသည် ဘုန်းတော်ကြီး ဒလိုင်းလားမား၏ဓာတ်ပုံကဲ့သို့သော အပြစ်ရှိသည့်သဘောသက်ရောက်စေသည့် သက်သေများကို ရှာရန် လူနှင့်ဖုန်းများကို စစ်ဆေးလိမ့်မည်ဟု သုတေသီများက ဆိုသည်။

ရဲများက နှစ်ဦး သို့မဟုတ် နှစ်ဦးထက်ပိုသော တိဗက်အုပ်စုများအား ခရီးစဉ်များမေးမြန်းခြင်းနှင့် သက်သေခံကတ်ပြားများ ပြခိုင်းခြင်းတို့ကို လုပ်ဆောင်နေသလို ဘာသာရေးပရဝုဏ်အနီးရှိ တိဗက်ဘုရားဖူးများကို စောင့်ကြည့်လျက်ရှိသည်ဟု သတင်း၌ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly