ဘရပ်ဆဲ၊ ဖေဖော်ဝါရီ-၁၁။ ။ အရှေ့အလယ်ပိုင်း ဒုက္ခသည်အကျပ်အတည်းကို ကူညီကိုင်တွယ်ရန် အီးယူခေါင်းဆောင်များက ပိုမိုကောင်းမွန်သော အပေးအယူကို ကမ်းလှမ်းမလာခဲ့ပါက ဥရောပကို ရွှေ့ပြောင်းအခြေချများဖြင့် ဖုံးလွှမ်းပစ်မည်ဟု တူရကီသမ္မတ တေးယစ်အာဒိုဂန်က နိုဝင်ဘာလတွင် ခြိမ်းခြောက်ခဲ့ကြောင်း ဂရိ သတင်းဝဘ်ဆိုက်တစ်ခုက ဖေဖော်ဝါရီလ ၈ရက်နေ့က ပြောကြားခဲ့သည်။
စီးပွားရေးသတင်းဝဘ်ဆိုက်ဖြစ်သော euro2day.gr ၏ ဖော်ပြချက်အရ ပြီးခဲ့သည့် နိုဝင်ဘာလက သဘောထားတင်းမာနေခဲ့သည့် ဆွေးနွေးပွဲအတွင်း အာဒိုဂန်နှင့် အီးယူ ထိပ်တန်းအရာရှိနှစ်ဦးကြားတွင် မယုံမကြည်နှင့် အပြန်အလှန် စိတ်အနှောင့်အယှက် ဖြစ်နေခဲ့ကြသည်ဟု ဆိုသည်။
အီးယူအရာရှိများက ဆီးရီးယားဒုက္ခသည်နှင့် ရွှေ့ပြောင်းအခြေချများ ဥရောပသို့ အလုံးအရင်းနှင့် လှိမ့်ဝင်လာမှုကို တားဆီးရာတွင် အန်ကာရာ၏ အကူအညီကို ရယူရန်ကြိုးစားနေသည်။ လွန်ခဲ့သည့်နှစ်က ဒုက္ခသည် တစ်သန်းကျော် ဥရောပသို့ ဝင်ရောက်လာခဲ့ရာတွင် အများစုမှာ တူရကီနှင့် ဂရိကြား ကျဉ်းမြောင်းသော ပင်လယ်ပြင်ကို ဖြတ်သန်းလာကြသူများပင် ဖြစ်သည်။
ဥရောပ ကောင်စီနှင့် ဥရောပ ကော်မရှင်တို့က ပေါက်ကြားလာသည့် သတင်း မှန်မမှန်ကို အတည်ပြုပေးရန် ငြင်းဆန်ခဲ့ကြသကဲ့သို့ အန်ကာရာမှ အာဒိုဂန်၏ ရုံးကလည်း ချက်ချင်း တုန့်ပြန်မှတ်ချက်ပေးခဲ့ခြင်းမရှိပေ။
သို့ရာတွင် အစည်းအဝေးမှတ်တမ်းကို အင်္ဂလိပ်ဘာသာဖြင့် ဝဘ်ဆိုက်တွင် လွှင့်တင်လာခဲ့ရာ အချိန်နှင့် နေရာအတိအကျကို ဖော်ပြမထားသော်လည်း နိုဝင်ဘာ ၁၆ရက်နေ့က အန်တာလျာတွင် ဂျီ-၂၀ညီလာခံအပြီး တွေ့ဆုံစည်းဝေးခဲ့ခြင်းဖြစ်နိုင်သည်ဟု ဆိုသည်။
‘ကျုပ်တို့က ဂရိနဲ့ ဘူဂေးရီးယားကို အချိန်မရွေး တံခါးဖွင့်ပေးနိုင်တယ်။ ဒုက္ခသည်တွေကို ဘတ်စ်ကားတွေနဲ့ တင်ခေါ်သွားနိုင်တယ်။ ဒါပေမယ့် ဘာအပေးအယူမှမရှိဘဲ ဒုက္ခသည်တွေကို ဘယ်လိုကိုင်တွယ်ရမလဲ။ ဒုက္ခသည်တွေကို သတ်ပစ်ရမှာလား’ဟု အာဒိုဂန်က အီးယူအရာရှိများကို ပြောကြားခဲ့သည်ဟု ဆိုသည်။
ထို့အပြင် အာဒိုဂန်က နှစ်နှစ်အတွင်း ယူရို ၆ဘီလျံပေးရန် တောင်းဆိုနေသော်လည်း အီးယူအရာရှိများကမူ ထိုပမာဏ၏ တစ်ဝက်သာ ပေးရန်ကမ်းလှမ်းပြီး တူရကီအနေဖြင့် အီးယူငွေကို မလိုအပ်ဟုလည်း ပြောကြားခဲ့သည်ဟု ဝဘ်ဆိုက်သတင်းတွင် ဖော်ပြထားသည်။
အပြန်အလှန် တင်းမာနေကြရာတွင် အာဒိုဂန်က အီးယူမှာ တူရကီကို လှည့်စားနေပြီး၊ အီးယူအရာရှိများမှာလည်း သူ့ကို မထီမဲ့မြင်စော်ကားနေသည်ဟု ပြောကြားခဲ့သည်ဟု ဆိုသည်။