စစ်ကောင်စီ၏ စီမံခန့်ခွဲမှုကြောင့် ဆေးဝါးတွေ ဈေးတက်လာတော့ မလား (ဆောင်းပါး)

စစ်ကောင်စီ၏ စီမံခန့်ခွဲမှုကြောင့် ဆေးဝါးတွေ ဈေးတက်လာတော့ မလား (ဆောင်းပါး)

ဇူလိုင်လ ၂ ရက်

မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးအခြေအနေသည် စက်သုံးဆီ၊ စားသုံးဆီ ပြတ်လပ်မှုအပြင် တခြားသော စက်ပစ္စည်းနှင့်လူသုံးကုန်ပစ္စည်းများပါ ပြတ်လပ်မှုနှင့် ကြုံတွေ့လာစေသည်။

၂၀၂၀ ခုနှစ် အစောပိုင်း COVID-19 ကပ် ရောဂါစတင်ဖြစ်ပွားခဲ့ပြီးနောက် ရိုက်ခတ်လာသည့် ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးကိစ္စရပ်များ ၂၀၂၁ နှစ်ဦးပိုင်းတွင် ပြန်လည်ဦးမော့တည်ငြိမ်စပြုလာသည်။ စစ်တပ်သည် တည်ငြိမ်စ ပြုလာသည့် အဆိုပါ အခြေအနေများကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ရက်နေ့တွင် အာဏာသိမ်းယူခြင်းဖြင့် ပိုမိုဆိုးဝါးသော အခြေအနေများသို့ မရောက်ရောက်အောင် ဖန်တီးပေးခဲ့သည်။

စစ်ကောင်စီအနေဖြင့် အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်လက်နက်ပစ္စည်း ဝယ်ယူရေးအပါအဝင် နိုင်ငံအတွက် မရှိမဖြစ်သွင်းကုန်များ ဝယ်ယူရေးနှင့် နိုင်ငံ၏ ပုံမှန်အကြွေးဆပ်ရေးတို့အတွက် အမေရိကန်ဒေါ်လာငွေများစွာ အသုံးပြုခဲ့ရပြီး နောင်လာမည့်အသုံးစရိတ်များအတွက်လည်း အမေရိကန်ဒေါ်လာ လိုအပ်ချက်များစွာ ရှိနေသောကြောင့် သွင်းကုန်များအား ကန့်သတ်လာနေခဲ့သည်။

ထိုကဲ့သို့ ကန့်သတ်မှုများကြောင့် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်းများအကြား လုပ်ငန်းလုပ်ကိုင်ရန် အကျပ်အတည်း များဖြစ်လာသလို ပြည်တွင်းရှိ အခြေခံ လူတန်းစား များမှာလည်း ပို၍ပင် ခက်ခဲကျပ်တည်း လာခဲ့ရသည်။

ကန့်သတ်ပိတ်ပင်ထားသော သွင်းကုန်များအပြင် ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်သည့် ဆေးနှင့်ဆေးပစ္စည်း တင်သွင်းခွင့် ပါမစ်များကိုပါ အာဏာသိမ်းစစ်ကောင်စီက ဆိုင်းငံ့ထားခဲ့သည်။

ထိုကဲ့သို့ ဆေးနှင့်ဆေးပစ္စည်း တင်သွင်းခွင့်ပါမစ်များကိုလည်း ဆိုင်းငံ့ထားခြင်းအပြင် ပါမစ်လျှောက်ရာတွင်လည်း ကြန့်ကြာမှုများရှိနေသောကြောင့် ပြည်တွင်းတွင် မရှိမဖြစ် လိုအပ်နေသည့် ဆေးဝါးပြတ်လပ်မှုနှင့် ဈေးနှုန်းမြင့်တက်နိုင်သည့် အခြေအနေများ ရှိနေပေသည်။

ယခင် အရပ်သား အစိုးရ NLD လက်ထက်တွင် ဆေးနှင့်ဆေးပစ္စည်းများ တင်သွင်းခွင့်ပါမစ်များကို စီးပွါးရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသို့သာ တင်ပြရခြင်းဖြစ်သော်လည်း ယခုအခါ ၂၀၂၂ ခုနှစ် ဧပြီလမှစ၍ အာဏာသိမ်း စစ်ကောင်စီဥက္ကဋ္ဌရုံးတွင် ဖွင့်လှစ်ထားသည့် နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီသို့ သွင်းကုန်ပါမစ်များအား တင်ပြရခြင်းဖြစ်သည်။

အဆိုပါရုံးမှ ခွင့်ပြုမိန့်မပေးသေးသည့်အတွက် ယခုကဲ့သို့ ပါမစ်များ ကြန့်ကြာ နေရခြင်းဖြစ်သည်ဟု ဆေးဝါးများ တင်သွင်းဖြန့်ဖြူးသူ သတင်းရင်းမြစ်များထံက သိရသည်။

"အရင်ကလျှောက်ထားတဲ့ပါမစ်တွေတောင် ကျမလာသေးဘူး။ နောက်ထပ်ပါမစ် လျှောက်ရာမှာ အဆင့်ဆင့်ပြောင်းလဲပြီးကန့်သတ်မှုတွေရှိနေတယ်။ ဒီလိုသာဆက်ပြီး သွားမယ်ဆိုရင် ကျွန်တော်ရဲ့အတွေ့အကြုံအရ လပိုင်းအတွင်းမှာ ဆေးဝါးပြတ်လပ်မှုနဲ့ ရင်ဆိုင်ရနိုင်တယ်" ဟု ဆေးဝါးများ တင်သွင်း၊ဖြန့်ဖြူးသူ တစ်ဦးက သုံးသပ် ပြောဆိုသည်။

ယခုနှစ် ဧပြီလလယ်မှစ၍ လျှောက်ထားခဲ့သော ဆေးနှင့်ဆေးပစ္စည်း တင်သွင်းခွင့် ပါမစ်များအား စစ်ကောင်စီလက်အောက်ခံ သက်ဆိုင်ရာဌာနအသီးသီးက ဇွန်လကုန်ပိုင်းထိ ခွင့်ပြုချက်ပါမစ် ပြန်ချမပေးဘဲ ဆိုင်းငံ့ထားကြောင်း သိရသည်။

ထို့အပြင် စားအုန်းဆီနှင့် တခြားလူသုံးကုန်ပစ္စည်းများ တင်သွင်းခွင့်လိုင်စင်များကိုလည်း မေလလယ်အထိ ခွင့်ပြုမိန့်ချ မပေးသေးကြောင်း သွင်းကုန်တင်သွင်းသူ ကုန်သည်အချို့ထံက သိရသည်။

ဆေးနှင့်ဆေးဝါးပစ္စည်း တင်သွင်းခွင့်လိုင်စင်ပါမစ်များ ဆိုင်းငံ့ထားခြင်းကြောင့် ဆေးဝါးပြတ်လပ်ခြင်းနှင့်ဈေးနှုန်းမြင့်တက်လာနိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ မြန်မာနိုင်ငံဆေးဝါးပညာရှင်များအသင်းထံသို့ မဇ္ဈိမက ဆက်သွယ်မေးမြန်းခဲ့ရာ ယခုကဲ့သို့ ပြန်လည်ဖြေကြားသည်။

"ဆေးဝါးပြတ်လပ်မယ်ဆိုတာ သုံးသပ်မှုတစ်ခုပဲဖြစ်လိမ့်မယ်။ ကျွန်မတို့ကိုတော့ လက်ရှိဝန်ကြီးဌာနကလည်း မညွှန်ကြားထားသလို ဘာမှတော့မကြားသိရသေးဘူး။ နောက်တစ်ခု ပို့ကုန်သွင်းကုန်အတွက် ခက်ခဲနေတဲ့အထဲမှာ ဆေးဝါးတင်မဟုတ်ဘူး။ အကုန်လုံး ကြန့်ကြာနေတဲ့အခြေအနေမှာရှိပါတယ်။ ဒါကိုမူတည်ပြီး ဆေးဝါးပြတ်လပ် မယ်လို့မကြားသိရဘူး။ နောက် အစိုးရက ကျန်းမာရေးနဲ့ပတ်သက်ပြီး ဆေးဝါးတွေကို ဦးစားပေးတင်သွင်းပေးပါလိမ့်မယ်" ဟု မြန်မာနိုင်ငံဆေးဝါးပညာရှင်များ အသင်းမှ အမည်မဖော်လိုသူ ဆရာမတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် အစိုးရ ဆေးဝါး စက်ရုံများ၊ ပုဂ္ဂလိက စက်ရုံများနှင့် နိုင်ငံခြား ဆေးဝါးများတင်သွင်းသည့် ကုမ္ပဏီများဟူ၍ သုံးမျိုးသုံးစားရှိသည်။ ဆေးဝါးပြတ်လပ်မှုများ မကြုံတွေ့ရမီ ဆေးကုန်ကြမ်းပြတ်လပ်မှုများ စတင်ဖြစ်ပေါ်လာနိုင်ပြီး ဆေးဝါး ဈေးနှုန်း မြင့်တက်မှု များသည်လည်း ၎င်း၏ နောက်မှ ကပ်ပါ လာနိုင်ပေသည်။

"အခုက ပြည်ပကနေ ဆေးနဲ့ဆေးပစ္စည်းတွေအပါအဝင် ပို့ကုန်သွင်းကုန်ကို ကန့်သတ်ထားတယ်။ ပြည်ပကနေ ပြည်တွင်းကို ဆေးနဲ့ဆေးပစ္စည်းပါမစ် တင်သွင်းရာမှာ ကန့်သတ်ချက်တွေ၊ လုပ်ဆောင်ချက်အဆင့်ဆင့်တွေများလာပြီး ကြန့်ကြာ နေတာတွေရှိတယ်။ ဒါ့ကြောင့် ဆေးဝါးလုံးဝပြတ်လပ်ခြင်းနဲ့မကြုံရရင်တောင် စက်သုံးဆီရောင်းသလို ခွဲတမ်းနဲ့ တန်းစီပြီး ဝယ်ရတာမျိုးတွေအထိ ဖြစ်လာနိုင်တယ်" ဟု ပြည်တွင်းရှိ ဆေးကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူက သုံးသပ်သည်။

အာဏာသိမ်းစစ်ကောင်စီအနေဖြင့် နိုင်ငံအတွက် မရှိမဖြစ်သွင်းကုန်များအား တင်သွင်းခွင့် ခွင့်ပြုထားသော်လည်း ယခင်ကဲ့သို့ အဆင်ပြေချောမွေ့မှုမရှိသည့်အပြင် လက်ရှိ ပြည်တွင်းတွင် ဆေးဝါးများ အနည်းငယ်ဈေးတက်လာသည်ဟု ၎င်းက ပြောဆိုထားသည်။

"ဘယ်ဆေးတွေ ပြတ်လပ်မယ်ဆိုတာတော့ အတိအကျပြောလို့မရဘူး။ အဓိကကတော့ လူသုံးများတဲ့ဆေးဝါးနဲ့ဆေးပစ္စည်းတွေပေါ့။ လက်ရှိပြည်တွင်းက ဆေးဆိုင် တော်တော် များများမှာလည်း ဆေးဝါးဈေးနှုန်းတွေ တက်လာတာတွေ့ရတယ်" ဟု ဆိုသည်။

၂၀၂၁ ခုနှစ် COVID-19 ရောဂါဖြစ်ပွားနှုန်းမြင့်မားသည့် ဇွန်၊ ဇူလိုင်၊ ဩဂုတ်လ အတွင်းက ဆေးဆိုင်များတွင် ဆေးဝါးပြတ်လပ်မှုနှင့် ကြုံတွေ့ခဲ့ရပြီး လိုအပ်သည့်အရေအတွက် အတိုင်း ဝယ်ယူ၍မရခြင်း၊ တန်းစီစနစ်ဖြင့်ဝယ်ယူရခြင်းများအပြင် ယခင်ကထက် ဈေးနှုန်းမြင့်မားမှုများနှင့် ကြုံတွေ့ခဲ့ရပြီးဖြစ်သည်။

ဆေးဝါးတင်သွင်းရောင်းချသူများ သုံးသပ်ပြောဆိုထားသကဲ့သို့ လာမည့်လပိုင်းအတွင်း ပြည်တွင်း၌ ဆေးဝါးပြတ်လပ်ခြင်းများနဲ့ ကြုံတွေ့ရမည်လား။ ထိုသို့မကြုံတွေ့မီ ဈေးကွက်အတွင်းရောင်းချနေသည့် ဆေးဝါးများ ဈေးနှုန်းမြင့်တက်ခြင်း ရှိ၊ မရှိကို သိရှိရန်အတွက် မဇ္ဈိမအနေဖြင့် ဆေးဆိုင်အချို့ကို မေးမြန်းခဲ့ရာ အောက်ပါအတိုင်း ဖြေကြားသည်။

"ဘယ်ဆေးတွေ အဓိက ဈေးတက်လဲဆိုရင် ဥပမာ- လူသုံးများတဲ့ဆေးတွေပေါ့။ ပါရာစီတမော့၊ ဒီကိုဂျင်၊ စီထရင်း ၊ တုပ်ကွေးဖျားနာခေါင်းကိုက်ပျောက်ဆေးအုပ်စု၊ ပြီးရင် ပိုးသတ်ဆေးအုပ်စု၊ အားဆေး၊ ဖြည့်စွက်စာ၊ ဗီတာမင်အုပ်စု ဒါမျိုးတွေပေါ့။ ပျမ်းမျှအားဖြင့်ဆိုရင် အရင်က ဖျားနာ ပျောက်ဆေးတစ်ကတ်ကို ၉၀၀ ကျပ် ဝန်းကျင်ဆိုရင် အခုက ၁၃၀၀ ကျပ် ဝန်းကျင်။ ဗိုက်တာဟုမ်း အားဆေးတစ်ဗူးကို ၁၃,၀၀၀ ကနေ ၁၆,၀၀၀ ဝန်းကျင်မျိုးပေါ့။ နောက်ဖြည့်စွက်စာ ensure ဗူးသေး အရင်က ၂၅,၀၀၀ အခု ၃၀,၀၀၀ ဝန်းကျင်" ဟု ပြည်တွင်းရှိဆေးဝါးများ ဈေးနှုန်းမြင့်တက်လာမှု အခြေအနေကို ဆေးဆိုင်ပိုင်ရှင်တစ်ဦးက ပြောပြသည်။

ရန်ကုန်မြို့ ၊ မင်္ဂလာဈေးရှိလက်ကားဆေးဆိုင်များမှ တစ်ဆင့်ယူကာ လက်လီ ရောင်းချနေသည့် ဆေးဆိုင်ပိုင်ရှင်တစ်ဦးက ဆေးဝါးများ ပြတ်လပ်၍ ဈေးနှုန်းမြင့်တက်လာနိုင်မှု အခြေအနေနှင့် ပတ်သတ်၍ ယခုလို သုံးသပ်ပြောဆိုသည်။

" အစ်မတို့တော့လက်ရှိ ဆိုင်ကြီးတွေက တစ်ဆင့် ယူရောင်းတယ်။ ကုမ္ပဏီတွေက တစ်ဆင့်ယူရောင်းတယ်။ ဈေးကတော့ ယူရတဲ့ဆိုင်အပေါ်မှာမူတည်သလို ပြန်ရောင်းတဲ့ ဆိုင်တွေ အပေါ်မှာလည်းမူတည်ပြီး ကွဲသွားတယ်။ မြို့နယ်တစ်ခုချင်းစီ ရာသီတစ်ခုချင်းစီအလိုက် ဆေးက ရောင်းရတာကွာခြားတယ်။ ဥပမာ-မိုးရာသီဆိုရင် တုပ်ကွေးဖျားနာ ဆေးတွေအရောင်းသွက်သလိုပေါ့။ ဆေးပြတ်မယ်ဆိုတာကြီးက မကြားမိသလို အစ်မ တို့ကိုလက်ကားပေးတဲ့ဆိုင်ကြီးတွေဆီကလည်း မကြားမိဘူး။ တကယ်တမ်းဆေးဝါး ပြတ်မယ်ဆိုရင်တောင် ကြိုပြောတာမျိုးတော့ရှိမယ်။ ဥပမာ-ဆေးကိုအကန့်အသတ်နဲ့ ရောင်းပေးဖို့ ဆိုတာမျိုးပေါ့။ COVID ဒုတိယလှိုင်းနဲ့ တတိယလှိုင်းတုန်းကတောင် ဆေးဝါးပြတ်လပ်တယ်ဆိုတာမရှိဘူးလေ။ ရောဂါဖြစ်တဲ့ သူများလို့ ဆေးလောက် ငှအောင် ရောင်းပေးရတဲ့ အခြေအနေမျိုးပဲပေါ့" ဟု ဆိုသည်။

ပြည်သူများအနေဖြင့် ဆေးဝါးများပြတ်လပ်နိုင်ပြီး ဈေးနှုန်းမြင့်တက်မှုအခြေအနေ များကြောင့်ဟုဆိုကာ အလုအယက်ဝယ်ယူစုဆောင်းခြင်းမျိုးများ မပြုလုပ်ကြရန်နှင့် ထိုသို့ပြုလုပ်ပါက ဈေးအဆမတန်တက်ပြီး မလိုလားအပ်သည့် အခြေအနေများ ဖြစ်ပေါ်လာနိုင်သည်ဟု ၎င်းက ဆက်လက်သတိပေးသည်။

" လက်ရှိမှာတော့ ဆေးဝါးတွေက အများကြီး ဈေးတက်တာမျိုးမရှိသေးဘူး။ လက်ကား ယူရတဲ့ဆိုင်တွေမှာကတည်းက ဈေးနည်းနည်းတက်တော့ ပြန်ရောင်းရင်လည်း ဈေးတက်ရတာပေါ့။ COVID ကာလတုန်းကလောက်တော့ ဈေးမတက်သေးဘူး။ ဆေးဝါးပြတ်လပ်ခြင်းနဲ့ မကြုံရရင်တောင် ဆေးတွေက ဈေးတက်လာမယ်။ ဝယ်ယူ ရတဲ့အခါ အခက်အခဲရှိလာမယ်လို့ ထင်တယ်" ဟု ဆေးရောင်းချသူတစ်ဦးက လက်ရှိ ဈေးကွက်အခြေအနေနှင့် ပတ်သတ်၍ ဖြေကြားသည်။

စစ်ကောင်စီအနေဖြင့် ယခုကဲ့သို့ သွင်းကုန်ပါမစ်များအား ပါမစ်ချမပေးဘဲ ဆက်လက်ဆိုင်းငံ့ ထားပါက နိုင်ငံခြားမှ တင်သွင်းသော စားသောက်ကုန်များနှင့် လူသုံးကုန်များမှာ ဈေးကွက်အတွင်း ပစ္စည်းရှားပါးခြင်းနှင့် ဈေးကြီးမြင့်ခြင်းများ ဖြစ်ပေါ်လာမည်ဖြစ်သည်။

စစ်ကောင်စီသည် ဆေးနှင့်ဆေးပစ္စည်း တင်သွင်းခွင့်ပါမစ်များကိုလည်း ယခုအချိန်ထိ ဆိုင်းငံ့ထားပြီးပါမစ်လျှောက်ရာထားတွင်လည်း ကြန့်ကြာမှုများရှိနေ၍ ပြည်တွင်းတွင် မရှိမဖြစ် လိုအပ်နေသည့် ဆေးဝါးပြတ်လပ်မှုနှင့် ဈေးနှုန်းမြင့်တက်နိုင်သည့် အခြေအနေများသည် အထက်ပါအကြောင်းအရာများအတိုင်း ကြုံတွေ့ရနိုင်ပေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly