အိန္ဒိယနှင့် တန်ဇန်နီးယားနိုင်ငံခြားရေးဝန်ကြီးများ ကာကွယ်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

အိန္ဒိယနှင့် တန်ဇန်နီးယားနိုင်ငံခြားရေးဝန်ကြီးများ ကာကွယ်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ဒေါက်အာအက်စ် ဂျိုင်ရှိန်ကာသည် ဇွန် ၂၄ ရက်က တန်ဇန်နီးယား ကာကွယ်ရေးဝန်ကြီး လီဘာရာတာ မူလာမူလာနှင့် တွေ့ဆုံကာ နှစ်နိုင်ငံအကြား ကာကွယ်ရေးနှင့် လုံခြုံရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးကို တိုးမြှင့်လုပ်ဆောင်ရန်ဆွေးနွေးခဲ့ကြသည်။

‌ဂျိုင်ရှန်ကာက သူ၏ တွစ်တာစာမျက်နှာတွင် “တန်ဇန်နီးယား နိုင်ငံခြားရေးဝန်ကြီး လီဘာရာတူ မူလာမူလာနဲ့ ရင်းနှီး နွေးထွေးစွာ တွေ့ဆုံခဲ့ရာတွင် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ပါတယ်။ ရေအရင်းအမြစ်၊ စိုက်ပျိုးရေးနှင့် ပညာရေးကိစ္စများအပြင် ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ မိတ်ဖက်ဆက်ဆံရေးတို့ကလည်း ဆွေးနွေးခဲ့ပါတယ်” ဟု ရေးသားခဲ့သည်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ၂ ကြိမ်တိုင်တိုင် ရွေ့ဆိုင်းခဲ့ရသော ၂၆ ကြိမ်မြောက် ဓနသဟာယနိုင်ငံ အစိုးရခေါင်းဆောင်များ၏ အစည်းအဝေး (CHOGM) သို့ တက်ရောက်ရန် ဂျိုင်ရှန်ကာသည် ‌ရဝမ်ဒါနိုင်ငံ ကီဂါလီမြို့တွင် ရောက်ရှိစဉ် ယခုကဲ့သို့ တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

အိန္ဒိယနှင့် တာဇန်းနီးယားနှစ်နိုင်ငံအကြား နိုင်ငံရေး၊ စီးပွားရေးနှင့် ကာကွယ်ရေးဆိုင်ရာ ကိစ္စများအပါအဝင် ကဏ္ဍအများအပြားကို ဇွန် ၁၆ ရက်ကလည်း ဆွေးနွေးခဲ့ကြရာတွင် ကုလသမဂ္ဂတွင် ပူးပေါင်းဆောင်ရွက်ရေး၊ အရှေ့အာဖရိကအသိုင်းအဝန်း (EAC)၊ တောင်အာဖရိက ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှု (SADC) နှင့် အာဖရိကတိုက်၏ လွတ်လပ်သော ကုန်သွယ်ရေးနယ်မြေ (AfCFTA) ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

နှစ်နိုင်ငံအကြား ကုန်သွယ်မှုသည် ၂၀၂၁-၂၂ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၄ ဒသမ၅ ဘီလီယံ ရောက်ရှိခဲ့သည်။ အိန္ဒိယသည် တာဇန်းနီးယားနိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဘက် နိုင်ငံဖြစ်သလို လာရောက်ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံလည်း ဖြစ်သည်။

ကဏ္ဍအသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန်နှင့် ကျန်းမာရေး၊ ပညာရေး၊ ဆိပ်ကမ်းဖွံ့ဖြိုးရေးနှင့် စိုက်ပျိုးရေးကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံမှုအတွက် ဖြစ်နိုင်ခြေများကို ရှာဖွေသွားရန်နှင့် နှစ်နိုင်ငံအကြား သဘောတူညီထားသည်။

တန်ဇန်းနီးယားသည် အိန္ဒိယ၏ အဓိက ဖွံ့ဖြိုးရေးမိတ်ဘက်နိုင်ငံဖြစ်သလို အိန္ဒိယက တန်ဇန်းနီးယားသို့ ရေပေးဝေရေးလုပ်ငန်းအပါအဝင် ကဏ္ဍ ၆ရပ်အတွက် ချေးငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံ ထုတ်ချေးပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required