အကြမ်းဖက်ဝါဒ ခေါင်းထောင်မှုအတွက် အစိုးရဟောင်းကို ပါကစ္စတန်ဝန်ကြီးချုပ် ပြစ်တင်ဝေဖန်

အကြမ်းဖက်ဝါဒ ခေါင်းထောင်မှုအတွက် အစိုးရဟောင်းကို ပါကစ္စတန်ဝန်ကြီးချုပ် ပြစ်တင်ဝေဖန်

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီမရန် ခန်း အစိုးရသည် နိုင်ငံတွင် အကြမ်းဖက်ဝါဒအပေါ် တန်ပြန်ဆန့်ကျင်ရေး အမျိုးသားလုပ်ငန်းအစီအစဉ် (NAP) ကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရန် ပျက်ကွက်ခဲ့သည်ဟု လက်ရှိဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ်က ဝေဖန်ပြစ်တင်လိုက်သည်။ အဆိုပါ NAP လုပ်ငန်းအစီအစဉ်၌ ပြည်နယ်များ၏ ပါဝင်မှုအခန်းကဏ္ဍကို မိမိတို့ အစိုးရလက်ထက်တွင် ပြန်လည်ဖော်ထုတ်မည်ဟု ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ်က ပြောသည်။

ပြီးခဲ့သည့် လေးနှစ်တာကာလအတွင်း ထိုကဲ့သို့ ဖော်ဆောင်ခဲ့ခြ င်း မရှိသည့်အတွက် နိုင်ငံတွင် အကြမ်းဖက်မှုဆိုင်ရာ ဖြစ်စဉ်များကို မြင့်တက်စေခဲ့ကြောင်း ရှာဘတ်ဇ် ရှာရစ်က ပြောသည်။

ပြီးခဲ့သည့် ၄နှစ်တာကာလအတွင်း နိုင်ငံတွင် အကြမ်းဖက်မှုနှင့် ဆက်နွယ်သည့် ဖြစ်စဉ်များ ဖြစ်ပွားမှု မြင့်တက် ခဲ့သလို ၂၀၂၁ ခုနှစ်တွင် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်အရေအတွက် ၅၆ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ်က ဇွန် ၂၆ ရက် အစည်းအဝေးတစ်ခုအတွင်း ပြောသည်။

၂၀၂၁ ခုနှစ်အတွင်း စစ်သွေးကြွများသည် တိုက်ခိုက်မှုပေါင်း ၂၉၄ ခုအထိ လုပ်ဆောင်ခဲ့ရာ လူ ၃၈၈ ဦး သေဆုံးပြီး အခြား ၆၀၆ ဦး ထိခိုက်ဒဏ်ရာများ ရခဲ့သည်ဟု ပဋိပက္ခနှင့် လုံခြုံရေးပိုင်း လေ့လာမှုဆိုင်ရာ ပါကစ္စတန် ဌာန(PICSS) ၏ အစီရင်ခံစာတစ်ရပ်က ဖော်ပြကြောင်း The Express Tribune က ဖော်ပြသည်။

“အမျိုးသား လုပ်ငန်းအစီအစဉ်မှာ ပြည်နယ်တွေရဲ့ အခန်းကဏ္ဍကို ပြန်လည်ထားရှိသွားပါမယ်။ အဲဒါက ပြီးခဲ့တဲ့ ၄နှစ်အတွင်း မရှိခဲ့ပါဘူး” ဟု ပါကစ္စတန်ဝန်ကြီးချုပ်က လာဟိုးမြို့၌ ဥပဒေစိုးမိုးရေးဆိုင်ရာ အစည်းအဝေး တစ်ခုကို ဦးဆောင်ပြုလုပ်စဉ် ပြောကြားခဲ့သည်။

အမျိုးသားဆိုင်ရာ လုပ်ငန်းအစီအစဉ်တွင် ပြည်နယ်များ၏ အခန်းကဏ္ဍကို လျစ်လျူရှုခဲ့ခြင်းကြောင့် ပြီးခဲ့သည့် ၄နှစ်အတွင်း အကြမ်းဖက်မှုများ မြင့်တက်ခဲ့ခြင်း ဖြစ်ကြောင်း ရှာဘတ်ဇ် ရှာရစ်က ပြောသည်။

လုပ်ငန်းအစီအစဉ်၏ အရေးကြီးမှုကို လျစ်လျူရှုခဲ့ခြင်းနှင့် အကြမ်းဖက်မှုနှင့်ပတ်သက်ပြီး ထိန်းချုပ်မှုမရှိဘဲ လွတ်လပ်စွာ လှုပ်ရှားခွင့်ပေးခြင်းတို့အတွက် PTI အစိုးရအပေါ် ၎င်းက ပြင်းထန်စွာ ပြစ်တင်ဝေဖန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required