အစိုးရ ဆန့်ကျင်ရေး လူထုစည်းဝေးပွဲကို အစ္စလမ်မာဘတ်မြို့တော်၌ ပြုလုပ်မည်ဟု ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း ပြော

By Zee5
01 July 2022
အစိုးရ ဆန့်ကျင်ရေး လူထုစည်းဝေးပွဲကို အစ္စလမ်မာဘတ်မြို့တော်၌ ပြုလုပ်မည်ဟု ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း ပြော

ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ် ဦးဆောင်သော အစိုးရအပေါ် ဆန့်ကျင်ဆန္ဒပြမှုများကို ဆက်လက် ပြုလုပ်ရန် ရည်ရွယ်ပြီး ဇူလိုင် ၂ ရက်တွင် မြို့တော် အစ္စလမ်မာဘတ်ရှိ စစ်ရေးပြကွင်း၌ လူထုစည်းဝေးပွဲတစ်ခု ကျင်းပပြုလုပ်ရေး ဝန်ကြီးချုပ်ဟောင်း အီမရန် ခန်းက ဇွန်လ ၂၅ ရက်တွင် နှိုးဆော်ထားသည်။

လက်ရှိအစိုးရသည် “ပြည်ပမှ တင်သွင်းသော အကျင့်ပျက် အစိုးရ” တစ်ရပ်ဖြစ်သည်ဟု အီမရန် ခန်းက ပြောဆိုထားသည်။

အစ္စလမ်မာဘတ်ရှိ မြို့ခံများနှင့် ရာဝယ်ပင်ဒီမှ ပြည်သူများအတွက် လာမည့် ဇူလိုင် ၂ ရက် ညနေခင်းတွင် ဆန္ဒပြပွဲတစ်ခု ပြုလုပ်သွားမည် ဖြစ်ကြောင်း ပါကစ္စတန် တေရက်-အီ-အင်ဆက်ဖ် (PTI) ပါတီ၏ ဥက္ကဋ္ဌ အီမရန် ခန်းက အစ္စလမ်မာဘတ်မှတစ်ဆင့် ဗီဒီယိုမက်ဆေ့ချ်တစ်ခုတွင် ပြောသည်။

“ပက်ရှာဝါ၊ လာဟိုး၊ ကရာချိ၊ မူလ်တန်နဲ့ ကျွန်တော်တို့ရဲ့ မြို့ကြီးတွေမှာ ရှိနေသူတွေကို ပြောချင်ပါတယ်။ လာမယ့် စနေနေ့ညမှာ ခင်ဗျားတို့ ဆန္ဒပြမှုတွေကို လုပ်ကြရလိမ့်မယ်လို့ ကျွန်တော် အားလုံးကို ပြောချင်ပါတယ်။ ကျွန်တော့်အတွက် လုပ်ဖို့ ပြောတာမဟုတ်ပါဘူး။ ဒါပေမယ့် ခင်ဗျားတို့ ကိုယ်တိုင်နဲ့ ခင်ဗျားတို့ရဲ့ သားသမီးတွေရဲ့ အနာဂတ်အတွက် ဒီ ဆန္ဒပြပွဲမှာ အပြည့်အဝ ပါဝင်တာကို ကျွန်တော် မြင်ချင်ပါတယ်” ဟု အီမရန် ခန်းက ပြောကြောင်း Dawn သတင်းစာက ဖော်ပြသည်။

လက်ရှိ အစိုးရသည် ပြည်သူများအကြား အကြောက်တရားများ သွတ်သွင်းရန် ကြိုးစားနေကြောင်း ခန်းက ပြောကြားရင်း ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ် အစိုးရကို ဝေဖန်တိုက်ခိုက်ခဲ့သည်။

ပြည်သူများအနေဖြင့် အကြောက်တရားအောက် မလွန်ဆန်နိုင်သည့် အခြေအနေမျိုး မဖြစ်ကြရန်နှင့် ကြောက်စိတ်ကို ဖယ်ရှားပြီး တိုက်ပွဲဝင်ကြရန် ခန်းက ဆက်လက် တိုက်တွန်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required