ပါကစ္စတန် ဆင်းဒ်ပြည်နယ် ဒေသန္တရရွေးကောက်ပွဲများ၌ အကြမ်းဖက်မှုကြောင့် လူ ၂ ဦး သေဆုံး

ပါကစ္စတန် ဆင်းဒ်ပြည်နယ် ဒေသန္တရရွေးကောက်ပွဲများ၌ အကြမ်းဖက်မှုကြောင့် လူ ၂ ဦး သေဆုံး

ပါကစ္စတန်နိုင်ငံ ဆင်းဒ်ပြည်နယ်ရှိ ဒေသန္တရအစိုးရရွေးကောက်ပွဲ မဲရုံများ၏ အပြင်ဘက်တွင် ဖြစ်ပွားသော ထိပ်တိုက်တွေ့ တိုက်ခိုက်မှုများအတွင်း ပါကစ္စတန် တေရက်-အီ-အင်ဆက်ဖ် (PTI) ပါတီ ကိုယ်စားလှယ်လောင်းတစ်ဦး၏ ညီအကိုတော်စပ်သူတစ်ဦး အပါအဝင် လူ ၂ဦးထက်မနည်း သေဆုံးခဲ့ကြောင်း Dawn သတင်းစာက ဇွန် ၂၆ ရက်တွင် ဖော်ပြသည်။

“တန်ဒို အဒမ်မြို့မှာ ကျွန်တော်တို့ ပါတီ ကိုယ်စားလှယ်လောင်း အက်စ်ဂါ ဂန်ဒါပူရ်ရဲ့ အကို ကိုင်ဆာ သေဆုံးတယ် ဆိုတာကို ကျွန်တော် အတည်ပြုနိုင်ပါတယ်။ ကိုင်ဆာဟာ အကြမ်းဖက်ခံရပြီး သေဆုံးရတာဖြစ်ပါတယ်” ဟု တန်ဒို အဒမ်မှ PTI ပါတီ၏ ဒေသခွဲဆိုင်ရာ ဥက္ကဋ္ဌ မက်ရှ်တက် ဂျူနီဂျိုက ပြောသည်။

ကိုင်ဆာ၏ ညီ ဇာဖာသည် တန်ဒို အဒမ်မြို့ မြူနီစီပယ်ကော်မတီ ရပ်ကွက် ၁၃ တွင် ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။ ယင်းနောက် ထောက်ခံသူများက တန်ဒို အဒမ် လမ်းကို ပိတ်ဆို့ခဲ့ကြပြီး သေဆုံးမှုအတွက် ခရိုင်တွင် ဆန္ဒပြပွဲ တစ်ခု ဖြစ်ပေါ်ခဲ့ကြောင်း Dawn သတင်းစာက ဖော်ပြသည်။ သေဆုံးသူ ကိုင်ဆာ၏ ရုပ်အလောင်း တန်ဒို အဒမ် တာလူကာ ဆေးရုံသို့ ရောက်ရှိထားခဲ့သည်ဟု ကျန်းမာရေး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဂျူမန် ဘာဟိုတိုက အတည်ပြုကြောင်း မီဒီယာသတင်းတွင် ဖော်ပြသည်။

“အလောင်း ခွဲစိတ်စစ်ဆေးပြီးမှပဲ သေဆုံးမှုရဲ့ အကြောင်းရင်းကို သေချာ သိနိုင်ပါလိမ့်မယ်” ဟု ၎င်းက ပြောသည်။

မဲရုံများ၌ သေနတ် မိုးပေါ်ထောင်ပစ်ဖောက်မှု၊ ရန်ပွဲများနှင့် လူသေဆုံးမှုများ ရှိခဲ့ပြီး ညနေ ၅နာရီတွင် မဲပေးမှု ပြီးစီးပြီးနောက် ဒေသန္တရအစိုးရရွေးကောက်ပွဲများ၏ ပထမအဆင့် မဲရလဒ်များကို စတင်ရေတွက်ခဲ့ကြောင်း Dawn သတင်းစာက ဖော်ပြသည်။

မဲပေးမှု လုပ်ငန်းစဉ် ရပ်ဆိုင်းခဲ့ရသည့် မဲရုံများ၌ မဲဆန္ဒရှင်များကို ၎င်းတို့ မဲပေးမှုအတွက် အလျဉ်ပြတ် တောက်ခဲ့ရသည့် အချိန်အတိုင်းအတာနှင့် တူညီသည့် အချိန်တစ်ခုကို ပြန်ပေးသွားမည် ဖြစ်ကြောင်း ပါကစ္စတန် ရွေးကောက်ပွဲ ကော်မရှင်က ပြောသည်။

မဲပေးမှုအတွင်း ပြတ်တောင်း ပြတ်တောင်း ပေါ်ပေါက်သော အ ကြမ်းဖက်မှု ဖြစ်စဉ်များ ရှိခဲ့ကြောင်း Dawn သတင်းစာက ဖော်ပြသည်။ ထို့ပြင် ကန့်ဟော့မြို့တွင် အုပ်စုအဖွဲ့နှစ်ခုအကြား တုတ်များဖြင့် ရိုက်နှက် တိုက်ခိုက်ကြသည့် ဗီဒီယိုတစ်ခုကို ရုပ်သံလွှင့်ဌာနများက ထုတ်လွှင့်ခဲ့ကြသည်။
 
ဆင်းဒ်ပြည်နယ် ဒေသန္တရအစိုးရ ရွေးကောက်ပွဲများ၏ ပထမအဆင့် မဲပေးမှုကို အဆိုပါပြည်နယ်၏ ခရိုင် ၁၄ ခု၌ ကျင်းပခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required