အာဖဂန်-ပါကစ္စတန် နယ်ခြားမျဉ်း အငြင်းပွားမှုကြောင့် အာဖဂန်ခရီးသွားများ နယ်စပ်ဖြတ်သန်းရာတွင် အခက်အခဲများနှင့် ကြုံတွေ့

အာဖဂန်-ပါကစ္စတန် နယ်ခြားမျဉ်း အငြင်းပွားမှုကြောင့် အာဖဂန်ခရီးသွားများ နယ်စပ်ဖြတ်သန်းရာတွင် အခက်အခဲများနှင့် ကြုံတွေ့

အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်အကြား နယ်ခြားမျဉ်းဖြစ်သည့် ဒူရန်းမျဉ်းနှင့်ပတ်သက်ပြီး အငြင်းပွားမှု ပေါ်ပေါက်ထားခဲ့ပြီးနောက် ယခုအခါ အာဖဂန်ခရီးသွားများသည် နှစ်နိုင်ငံနယ်စပ်ရှိ စပင် ဘိုးဒက်နှင့် ချာမန်း နယ်စပ် ဖြတ်ကျော်နေရာများကို ဖြတ်သန်းသွားလာရာတွင် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်ဟု ပြောဆိုကြသည်။

တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC) အတွက် လုံခြုံစိတ်ချရစေရန် ပါကစ္စတန်က ဒူရန်းမျဉ်း၌ ခြံစည်းရိုးကာမည့် ဆန္ဒသဘောထားကို အလျှော့မပေးကြောင်း ထုတ်ပြန်ပြီးနောက် ယခုကဲ့သို့ အာဖဂန်ခရီးသွားများ အခက်အခဲများနှင့် ရင်ဆိုင်လာရခြင်း ဖြစ်သည်။

ဂါဇ်နီမြို့ခံတစ်ဦးဖြစ်သည့် ဘစ်မီလာက ၎င်းသည် နယ်စပ်ကို ဖြတ်ပြီး ပါကစ္စတန်နိုင်ငံထဲ ဝင်ရောက်ရန် နှစ်ကြိမ် ကြိုးစားခဲ့သော်လည်း ဝင်ရောက်ခွင့် မရခဲ့ကြောင်း ပြောခဲ့သည်ဟု TOLOnews က ဖော်ပြသည်။

“ကျွန်တော်တို့ကို ပေးမဝင်ပါဘူး။ နယ်စပ်ဖြတ်ကျော်နေရာကို ဖြတ်ဖို့အတွက် ပတ်စ်ပို့တစ်ခု ဒါမှမဟုတ် ဆေးကုသမှုဆိုင်ရာ ဗီဇာတစ်ခု ရှိသင့်တယ်ဆိုပြီး သူတို့က ပြောပါတယ်” ဟု ဂါဇ်နီမြို့ခံ ဘစ်မီလာက ပြောသည်။

ဒူရန်းမျဉ်းနှင့် ကပ်လျက်တွင် နေထိုင်ကြသူများ၊ အထူးသဖြင့် ကီလာ အဗ္ဗဒူလာနှင့် ချာမန်း ဝန်းကျင်တွင် နေထိုင်ကြသူများသည် ကန်ဒါဟာ၌ ထုတ်ပေးသော သက်သေခံကတ်များ သို့မဟုတ် ပါကစ္စတန် သက်သေခံကတ်ပြားများဖြင့် ဖြတ်သန်းနိုင်သော်လည်း တရားဝင် စာရွက်စာတမ်းများ ရှိသည့် အခြား အာဖဂန်ပြည်သူများမှာမူ နယ်စပ်ဖြတ်ကျော်ခွင့်အတွက် ရက်များချီကြာ စောင့်ဆိုင်းနေရသည်။ 

တစ်ခါတစ်ရံ သက်သေခံကတ်ပြားများနှင့် တရားဝင် စာရွက်စာတမ်းများ ရှိသည့် ကန်ဒါဟာ ဒေသခံများပင် နယ်စပ်ဖြတ်ကျော်သွားလာနိုင်ခြင်း မရှိဟု TOLOnews က ဖော်ပြသည်။

“မနေ့ကဆိုရင် ကျွန်တော် နယ်စပ်ဖြတ်ကျော်နေရာကို သုံးခါတောင် သွားခဲ့တယ်။ သူတို့က ပြန်နှင်လွှတ်ပါတယ်။ အဲဒီမှာ ကျွန်တော်တို့နဲ့အတူ အခြားအမျိုးသမီးတွေလည်း ပါပါတယ်။ သူတို့က ကျွန်တော်တို့ကိုရော၊ အဲဒီအမျိုးသမီးတွေရောကိုပါ ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံခဲ့ပါတယ်။

ကျွန်တော်တို့ရဲ့ သက်သေခံ ကတ်ပြားတွေကိုလည်း သူတို့ ဆွဲလွှတ်ပစ်ခဲ့တယ်” ဟု အူရုဇ်ဂန်ပြည်နယ်မှ ဒေသခံတစ်ဦးဖြစ်သည့် အဗ္ဗဒူလ် ရာမန် ရှားက TOLOnews ကို ပြောသည်။

ယခု ပြဿနာနှင့် ပတ်သက်ပြီး ပါကစ္စတန်တာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်းမှုမှတစ်ဆင့် ဖြေရှင်းနိုင်ရန် ကြိုးပမ်းနေသည်ဟု ကန်ဒါဟာမှ ဒေသခံတာဝန်ရှိသူများက ပြောသည်။ သို့သော် ဆွေးနွေးမှုများမှ ရလဒ်များ ထွက်ပေါ်မထားသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly