ပါကစ္စတန်တွင် ဆိုင်ကယ်ဗုံးပေါက်ကွဲမှုကြောင့် ၁ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရ

ပါကစ္စတန်တွင် ဆိုင်ကယ်ဗုံးပေါက်ကွဲမှုကြောင့် ၁ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရ

ပါကစ္စတန်နိုင်ငံ တောင်ပိုင်း ဆင်းဒ်ပြည်နယ်၌ ဇွန် ၂၅ ရက်က မော်တော်ဆိုင်ကယ်တစ်စီးတွင် ထောင်ထားသည့် ဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် တစ်ဦး သေဆုံးပြီး ရဲများအပါအဝင် အခြား လူ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောသည်။

ပြည်နယ်၏ ဂျက်ကော့ဘာဘတ်ခရိုင် မော်လာဒတ် လမ်းဧရိယာအနီးတွင် အဆိုပါ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ဂျက်ကော့ဘာဘတ် ရဲတပ်ဖွဲ့မှ ရဲမှူး ဆမ်မီအာ နိုအာက ပြောသည်။

ဖောက်ခွဲမှု၏ ပစ်မှတ်က ရဲကားတစ်စီး ဖြစ်ပုံရကြောင်း ၎င်းက ပြောသည်ဟု ဆင်ဟွာသတင်းအေဂျင်စီက ဖော်ပြသည်။

ပေါက်ကွဲမှုကြောင့် အနည်းဆုံး ရဲသုံးဦး ထိခိုက်ဒဏ်ရာများ ရခဲ့ကြောင်း ရဲအရာရှိ ဆမ်မီအာက ပြောသည်။

ဖြစ်စဉ်ဖြစ်ပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ကယ်ဆယ်ရေးအဖွဲ့များ ရောက်လာခဲ့ကာ ဒဏ်ရာရသူများကို အနီးအနားရှိ ဆေးရုံတစ်ရုံသို့ ပို့ဆောင်ပေးခဲ့ပြီး အချို့သည် အရေးပေါ်အခြေအနေတွင် ရှိနေသည်။

ကနဦး သတင်းများအရ အဆိုပါ ဖောက်ခွဲတိုက်ခိုက်မှုအတွက် မည်သည့်အဖွဲ့ကမှ တာဝန်ခံ ထုတ်ဖော်ခြင်း မရှိသေးဟု ဆင်ဟွာက ဖော်ပြသည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု လုပ်ဆောင်နေကြောင်း ဆမ်မီအာက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly