ပါကစ္စတန်တွင် အစိုးရက စက်မှုလုပ်ငန်းများအပေါ် မြင့်မားသည့် အခွန်နှုန်းထားတစ်ရပ် ကြေညာပြီးနောက် စတော့ရှယ်ယာဈေးများ ကျဆင်း

ပါကစ္စတန်တွင် အစိုးရက စက်မှုလုပ်ငန်းများအပေါ် မြင့်မားသည့် အခွန်နှုန်းထားတစ်ရပ် ကြေညာပြီးနောက် စတော့ရှယ်ယာဈေးများ ကျဆင်း

ပါကစ္စတန်နိုင်ငံတွင် အကြီးစားစက်မှုလုပ်ငန်းများအပေါ် ၁၀ ရာခိုင်နှုန်း အခွန်ကောက်ခံကြောင်း ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ် အစိုးရက ကြေညာခဲ့ပြီးနောက် ပါကစ္စတန် စတော့အိတ်စ်ချိန်း (PSX) တွင် စတော့ရှယ်ယာဈေးနှုန်းများ ကျဆင်းခဲ့သည်။

စက်မှုလုပ်ငန်းများအပေါ် အခွန်ကောက်ခံခြင်းက နိုင်ငံကို ဒေဝါလီခံရစေမည့်အရေးမှ ကူညီကယ်တင် ပေးနိုင်လိမ့်မည်ဟု ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ်က ကတိပြုခဲ့သည်။

ဇွန် ၂၄ ရက် ဒေသစံတော်ချိန် မနက် ၁၁ နာရီ ၄၀ မိနစ်တွင် စတော့ဈေးကွက်၌ စတော့ရှယ်ယာဈေးများ ထိုးကျမှုကို မြင်တွေ့ခဲ့ရပြီး ကရာချိ စတော့အိတ်စ်ချိန်း ၁၀၀ (KSE-100) အညွှန်းကိန်းသည် ၁၅၉၈ ပွိုင့် လျော့ကျကာ ၄၁၁၀၀ ကို ရောက်ရှိခဲ့ကြောင်း Dawn သတင်းစာက ဖော်ပြသည်။

စံအမှတ် KSE-100 အညွှန်းကိန်းသည် ယင်းနေ့ နေ့လည် ၁၂ နာရီတွင် ၂၀၅၃ ပွိုင့် ကျဆင်းခဲ့သည်။

PSX ၏ စည်းမျဉ်းများအရ အကယ်၍ အညွှန်းကိန်းသည် ယင်း၏ နောက်ဆုံးအပိတ်ထက် ၅ရာခိုင်နှုန်း တက်မှု သို့မဟုတ် ငါးရာခိုင်နှုန်း ကျဆင်းမှု ဖြစ်ပေါ်ပြီး ယင်းအခြေအနေက ၅ မိနစ်ကြာ ဆက်ရှိနေပါက အစုရှယ်ယာလက်မှတ်အားလုံး ရောင်းဝယ်မှုကို ခဏရပ်နားသည်။

ပါကစ္စတန်ရှိ ရင်းနှီးမြှုပ်နှံမှု အကျိုးဆောင်ကုမ္ပဏီ Intermarket Securities ၏ စတော့ရှယ်ယာလုပ်ငန်း အကြီးအကဲ ရာဇ ဂျက်ဖရီက ယင်းကဲ့သို့ ရှယ်ယာဈေးများ ကျဆင်းခြင်းအတွက် များပြားသည့် အခွန်အခများ ကောက်ခံခြင်းကို ပြစ်တင်ပြောကြားသည်။

“ဈေးကွက်ဟာ ကျဆင်းခဲ့ပါတယ်။ အဲဒါက ကော်ပိုရိတ် အကျိုးအမြတ်ဖြစ်ထွန်းမှုအပေါ် အကြီးအကျယ် ထိခိုက်စေမှာ ဖြစ်လို့ပါပဲ” ဟု ၎င်းက Dawn သတင်းစာကို ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly