နွေဦးတော်လှန်ရေးခေါင်းဆောင်တွေ ယူကရိန်းတွေဆီ ကနေ ဘာတွေ ၊ ဘယ်လို ပူပူနွေးနွေး သင်ခန်းစာယူရမလဲ

By ဇော်တူးဆိုင်း
29 June 2022
နွေဦးတော်လှန်ရေးခေါင်းဆောင်တွေ ယူကရိန်းတွေဆီ ကနေ ဘာတွေ ၊ ဘယ်လို ပူပူနွေးနွေး သင်ခန်းစာယူရမလဲ

ဇွန် ၂၉

လောလောဆယ်ဆယ် စစ်ဖြစ်နေတဲ့ ယူကရိန်း-ရုရှား ပဋိပက္ခ နိုင်ငံရေ: အဖြစ်အပျက်တွေကနေ မြန်မာပြည် နိုင်ငံရေ: နောက်တစ်ဆင့်တက်နိုင်ဖို့ အများကြီး သင်ခန်းစာ ယူပြီး လက်တွေ့ လုပ်ဆောင်နိုင်တဲ့ အချက်တွေကို ရှာကြည့်ရအောင်။

လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခု အတွင်းမှာ အမေရိကန်ဦးဆောင်တဲ့ ဥရောပနှင့် အနောက်ဘက်ခြမ်းက ဒီမိုကရေစီနိုင်ငံတွေဟာ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နှင့် ပတ်သက်လာရင် (Policy of Appeasement) လို့ ခေါ်တဲ့ ရွေပြည်အေးဝါဒကိုပဲ နှလုံးသွင်းခဲ့ကြတာ များပါတယ်။ ရုရှားက ဂျော်ဂျီယာကို ကျူးကျော်တုန်းက၊ ယူကရိန်းဆီကနေ ခရိန်းမီယာကျွန်းကို ဝင်သိမ်းတုန်းက၊ အမေရိကန် သမ္မတရွေးကောက်ပွဲကို ဝင်ရောက် စွက်ဖက်တုန်းက ရုရှားသမ္မတ ပူတင်နှင့် သူ့ကို ဝိုင်းရံပေးနေတဲ့ (Oligarchs) လို့ အသိများတဲ့ လူနည်းစု သူဌေးကြီးတွေကို ထိထိရောက်ရောက် စီးပွားရေး ဒဏ်ခတ်ခဲ့တာ မရှိခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ ဂျာမဏီအပါအဝင် အနောက်ဘက်ခြမ်း ဥရောပနိုင်ငံတွေက ရုရှားက တင်ပို့တဲ့ သဘာဝဓတ်ငွေ့တွေမှာ စီးပွားရေးအရ မှီခိုနေရတဲ့ အပြင် စစ်ရေးအရလည်း ရုရှားလို အင်အားကြီ: နိုင်ငံနှင့် ထိပ်တိုက် ရင်ဆိုင် မတိုးချင်တာလည်း ဖြစ်ပါတယ်။

ရုရှားက ယူကရိန်းကို ဖေဖေါ် ဝါရီ ၂၄ မှာ ကျူးကျော်ပြီး ၂-၃ ရက် အတွင်းမှာပဲ အမေရိကန် အစိုးရက ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီး နှင့် သူ့ရဲ့မိသားစုကို လေယာဉ်နှင့် တိုင်းပြည်ကနေ ထွက်ပြေးပြီး ဘေးကင်းရာကို ပြောင်းရွေ့ပေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။ (Stingers) နှင့် (Javelins) တို့ လို့ အမေရိကန်ထုတ် ပုခုံးပေါ်ကနေ ထမ်းပစ်တဲ့ လက်နက်အချို့ အမေရိကန် အစိုးရကနေ တိတ်တဆိတ် ကြိုတင်ပို့ထားလို့ ယူကရိန်းတပ်တွေမှာ ရောက်နေခဲ့ ပြီးသားပါ။ ဒါပေမဲ့ အမေရိကန် အစိုးရက ရုရှား သမ္မတ ပူတင်က သိသွားပြီး အနောက်အုပ်စု (NATO) နှင့် ရုရှားကြားမှာ ကြီးကြယ်တဲ့ စစ်ပွဲတွေကို ရှောင်ချင်လို့ ကနဦးကတည်းက ပေးနေတဲ့ စစ်ရေးအကူအညီနှင့် ပတ်သက်တဲ့ သတင်းတွေကို လျှို့ဝှက်ထားခဲ့ပါတယ်။

ရုရှားက အတိုင်းအတာအရ ပမာဏကြီးမားတဲ့ စစ်တပ်ကြီးနှင့် ယူကရိန်းရဲ့ မြို့တော် ကီးရပ်ဖ်ကို ချီတက် ဝိုင်းရံဖို့ လုပ်နေတာတောင်မှာ အနောက်နိုင်ငံတွေက ရုရှားဘဏ်တချို့ကိုပဲ တော်ရုံသင့်ရုံဖြစ်တဲ့ စီးပွားရေး ပိတ်ဆို့မှုမျိုး အစပိုင်းမှာ လုပ်ခဲ့တာပါ။

ဒါဆိုရင် အမေရိကန်ဦးဆောင်တဲ့ အနောက်ဥရောပ ဒီမိုကရေစီနိုင်ငံတွေက ဘယ်လိုဖြစ်ပြီး ရုရှားက စစ်ကျူးကျော်တာ ဒုတိယသီတင်းပတ်လောက်ကျမှ ယူကရိန်းကို စစ်လက်နက်တွေနှင့် အင်တိုက်အားတိုက် ကူညီပေးကြဖို့ ဆုံးဖြတ်လိုက်တာလဲ။

တိုတိုနှင့်လိုရင်းဖြေရရင်တော့ ရုရှားက ယူကရိန်းတစ်နိုင်ငံလုံးကို မသိမ်းနိုင်တော့ဘူးလို့ အမေရိကန်ဦးဆောင်တဲ့ အနောက်ဥရောပ ဒီမိုကရေစီနိုင်ငံတွေက သိလိုက်တဲ့အချိန်ပါပဲ။ အကျယ်တဝင့်ဆွေးနွေးမယ်ဆိုရင် ယူကရိန်း သမ္မတ ဇီလန်စကီးက ကန်အစိုးရဲ့ ပြည်ကကို ခေါ်ထုတ်ပေးမဲ့ ကမ်းလှမ်းချက်ကို လုံးဝ ပယ်ချရင်း ပြည်သူတွေနှင့် အတူ ပြည်တွင်းမှာပဲ ရဲရဲဝံ့ဝံ့ ရင်ဆိုင်နိုင်တဲ့ ခေါင်းဆောင်မှုကို ပြသလုပ်ဆောင် နိုင်ခဲ့ပါတယ်။ ရုရှားကျူးကျော်လာတဲ့ စစ်တပ်ကြီးကို ယူကရိန်းတွေက မြို့တော် (Kiev) ကီးယပ်ဖ်ကို မဝိုင်းနိုင်အောက် သူတို့မှာရှိတဲ့ လက်နက်တွေနဲ့ပဲ စစ်ပွဲစပြီး ပထမ အပတ်မှာပဲ ရွပ်ရွပ်ချွံချွံ ခုခံနိုင်ခဲ့ပါတယ်။ ယူကရိန်း သမ္မတဟာ မြို့တော်ဝန်တွေ၊ အခြား ခေါင်းဆောင်တွေနှင့်အတူ ပြည်သူကို ဦးဆောင်ပြီး သူတို့ရဲ့ နိုင်ငံရေး ရင့်ကျက်မှုနှင် စွမ်းဆောင်နိုင်စွမ်းတွေကို နိုင်ငံတကာကို ပြသနိုင်ခဲ့တယ်။ အခုလို ယူကရိန်းစစ်တပ်နှင့် ပြည်သူတွေကို သမ္မတ ဇီလန်စကီးဟာ ရုရှားလက်ဖြောင့် သမားတွေရဲ့ ချောင်းမြောင်းသတ်ခံရတဲ့ အန္တရာယ်တွေကြားကနေပဲ သူဘယ်နေရာမှာ ရောက်နေတာကို ပြသရင်း ဦးဆောင်မှုကို ပေးနေနိုင်ခဲ့ပါတယ်။

ဒီတော့ မြန်မာ နွေဦး နှင့် တိုင်းရင်းသားခေါင်းဆောင်တွေ ဘယ်လို သင်ခန်းစာယူမှာလဲ။

(၁) အမေရိကန်ဦးဆောင်တဲ့ အနောက်ဥရောပ ဒီမိုကရေစီနိုင်ငံတွေဟာ သူတို့လို လူဖြူတွေနေထိုင်တဲ့ ယူကရိန်းလို့ နိုင်ငံပေါ်မှာတောင်မှ လက်တွေ့ကျတဲ့ နိုင်ငံရေးမျိုးကို အစပိုင်းမှာ ကျင့်သုံးခဲ့ ပါတယ်။ ယူကရိန်းတွေ ရုရှားကို ကောင်းကောင်း ပြန်တိုက်နိုင်တယ်ဆိုမှ၊ ကျူးကျော်လာတဲ့စစ်ပွဲကို နိုင်အောင် ခုခံတိုက်ခိုက်နိုင်တယ်ဆိုမှ “ဗြောင်” အကူအညီ ပေးတာမျိုး လုပ်တာပါ။ ယူကရိန်းတွေ ကိုယ်တိုင်က စွမ်းဆောင်အားတွေ မြင့်တင်ပြီ: စစ်ရေးအရ အကူအညီပေးလာရင် ဒီအကူအညီတွေကို အသုံးပြုနိုင်တဲ့ (Capability) လုပ်နိုင်စွမ်းရှိတယ် ဆိုတာကို ယူကရိန်း ခေါင်းဆောင်တွေက ပြသနိုင်ပါတယ်။

ဒီတော့ မြန်မာနိုင်ငံရဲ့ နွေးဦးတော်လှန်ရေးကို နိုင်ငံခြားက အထူးသဖြင့် အနောက်နိုင်ငံတွေရဲ့ စစ်ရေး အကူအညီရဖို့က “လုံးဝ” မဖြစ်နိုင်တဲ့ အရာဖြစ်ပါတယ်။ တရုတ်အစိုးရကလည်း ၎င်းရဲ့ အစိုးရပိုင် သတင်းစာ Global Times ကနေတစ်ဆင့် ဘယ်နိုင်ငံကနေမှ မြန်မာပြည်တွင်းရေးကို မစွက်ဖက်ဖို့ တရားဝင် ပြောကြားထားတာလည်း ရှိပါတယ်။ တရုတ်လို့ အင်အားကြီးနိုင်ငံနှင့်လည်း ဘယ်နိုင်ငံမှ ထိပ်တိုက်တွေ့ပြီး မြန်မာပြည်ကို စစ်ရေးအရ မကူညီချင်ပါဘူး။

(၂) အမှန်ဆိုရင် ပြည်ပက စစ်ရေး အကူအညီရရေးနှင့် NUG ကို နိုင်ငံတကာက အသိမှတ်ပြုရေးတွေ ဆိုတာဟာ နိုင်ငံရေးဗျူဟာခင်းတဲ့အချိန်မှာ တတိယပါ။ ပထမအရေးကြီးတာက ယူကရိန်းတွေလို့ ပြည်တွင်းမှာ မူလရှိတဲ့၊ ကိုယ်မှာရှိတဲ့ လက်နက်နှင့် နိုင်ငံရေးအရ (Capability) စွမ်းဆောင်အားတွေကို ကောင်းကောင်း အသုံးချ လုပ်နိုင်စွမ်းတွေရှိတယ် ဆိုတာက ပိုအရေးကြီးပါတယ်။

ဒါဆို စစ်အာဏာရှင်ကို အမြစ်ပြတ်ဖြုတ်ချဖို့ ပြည်တွင်းမှာရှိတဲ့ လက်နက်နှင့် နိုင်ငံရေး စွမ်းဆောင်အားတွေကို ဘယ်လို တည်ဆောက်မှာလဲ၊

ပြည်တွင်းမှာရှိတဲ့ လက်ရှိနိုင်ငံရေးအားတွေစုပြီး ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် (Federal Democracy Charter -FDC)နှင့် အာဏာသိမ်းမှုကို ဆန့်ကျင်သည့် တိုင်းရင်သားအများစုနှင့် ဗမာကိုယ်စားလှယ်များဖြင့် စုဖွဲ့ထားသော အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (The National Unity Consultative Council - NUCC) ဖြစ်ပေါ်လာပြီး နိုင်ငံရေး ဆုံချက်ကို အစပျိုး အကောင်အထည်ဖေါ်လိုက်နိုင်ခဲ့တာဟာ အစကောင်းပါတယ်။ ဒါပေမဲ့ ဒီထက် ဆက်လက်ပြီး နိုင်ငံရေးအရ ခိုင်မာတဲ့ လက်တွဲမှုကို တည်ဆောက်နိုင်ဖို့ လိုပါသေးတယ်။ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)မှာ လက်ရှိဦးဆောင်နေတဲ့ တာဝန်ယူထားတဲ့ နိုင်ငံရေးခေါင်းဆောင်တွေက ဗိုလ်ချုပ်အောင်ဆန်းကို အတုယူပြီး လွတ်လပ်ရေး ရယူနိုင်ဖို့ တောင်တန်းဒေသတွေနှင့် ပူးပေါင်းပြီး တန်းတူညီမျှတဲ့ လွတ်လပ်ခွင့်တွေ အနာဂတ်မှာ ရနိုင်၊ အာမခံနိုင်တယ်ဆိုတာကို ကတိကဝတ်တွေ ပြုပြီး စစ်အာဏာရှင်ပြုတ်ကျဖို့အတွက် ဒေါ်စုပြောပြောနေတဲ့ ၂၁ ရာစု ပင်လုံလို နိုင်ငံရေး သဘောတူညီမှုတွေကို ယခုအချိန်မှာ နိုင်ငံရေ:အရ ညှိနှိုင်းဖို့ အရမ်းလို အပ်ပါတယ်။ စစ်အာဏာရှင်ပြုတ်ကျပြီးမှ တိုင်းရင်းသားတွေနှင့် နိုင်ငံရေး ညှိနှိုင်းမှုတွေ လုပ်မယ်ဆိုတာဟာ ထီပေါက်လျှင် အိမ်ဆောက်ပေးမယ်ဆိုတာမျိုး ဘာအာမခံချက် မရှိတဲ့ တာဝန်မဲ့ စကားတွေပါ။

၃) ဒုတိယ အရေးကြီးတာကတော့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နှင့် (CRPH) ခေါင်းဆောင်တွေက ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးလို သတိရှိပြီး ရဲရင့် တယ်ဆိုတာကို ပြနိုင်ရမယ်။ သမ္မတက ဇီလန်စကီးဟာ ရုရှားစစ်တပ်က ကီးရပ်ဖ် မြို့တော်ကို အဝေးပစ် ဒုံးကျည်တွေ အမြောက်အများနှင့် တိုက်ခိုက်ခံနေရကြားမှာပဲ ရုပ်သံတိုက်ရိုက်လွင့်ပြီး အချိန်နှင့် တစ်ပြေးညီ သူဘယ်နေရာကနေ အမိန့်ပေးနေတယ်ဆိုတာကို ပြသရင်း ဉီးဆောင်နိုင်တယ်။ မြန်မာစစ်ကောင်စီမှာတော့ အ ဝေးပစ်ဒုံးကျည်တွေမရှိတော့ (NUG) နှင့် (CRPH) ခေါင်းဆောင်တချို့က ဥရောပနှင့် အမေရိကား ရောက်နေတာတောင် လျှို့ဝှက်ထားကြပြီး ထိုင်းမြန်မာနယ်စပ်မှာပဲ ရှိနေသယောင် “ပြ” ခဲ့ကြတာဟာ သတ္တိနည်းရာ ရောက်ပါတယ်။ တစ်ချိန်တည်းမှာပဲ နိုင်ငံတကာရဲ့ အသိအမှတ်ပြုဖို့ရန်အတွက် NUG ရဲ့ ဝန်ကြီးဌာနတွေကို မလိုအပ်ဘဲ ၁၇ ဌာနကို နိုင်ငံတကာ ကြည့်ကောင်းအောင် “ပြ” ဖို့ အတွက်ဖွဲ့ထားတွေကိုလည်း အလုပ်မဖြစ်ဘူးဆိုတာက သိနေတော့ အမြန်ဆုံး ပြန်လည် ပြောင်းဖွဲ့စဉ်းသင့်ပါတယ်။ နိုင်ငံရေးအရ “ပြ” ဖို့ လုပ်တာတွေကို ရပ်သင့်ပါပြီ။ တော်လှန်ရေးကာလမှာ အလုပ်မဖြစ်တဲ့ အရာတွေကို ချက်ခြင်းပြောင်းလဲနိုင်မှ ပြည်သူတွေ အထိနာတာ နည်းပါလိမ့်မယ်။

ချုပ်ရရင်တော့ ဗိုလ်ချုပ်အောင်ဆန်းလို တိုင်းရင်သားခေါင်းဆောင်တွေကို အာမခံနိုင်တဲ့ နိုင်ငံရေး စုစည်းမှုကို ရယူနိုင်အောင် နွေဦးတော်လှန်ရေးကို ဒီထက် အရှိန်မြင့်တင်ဖို့ ရှေဆက်ရန် ကြိုးစားရပါမည်။ ယူကရိန်း သမ္မတလို ရင်ရင့်တဲ့ ခေါင်းဆောင်မှုကို ပေးနိုင်ပြီး နိုင်ငံခြားက အကူအညီရရေးကို အဓိက မထားဘဲ နိုင်ငံတွင်းမှာ ရှိတဲ့ အားတွေကို စုစည်းနိုင်ရေးက လောလောဆယ်မှ အရေးကြီးပါတယ်။ ပြည်တွင်းမှာ နိုင်ငံရေးအင်အားတွေ စုစည်းနိုင်အောင် လုပ်နိုင်ရင် တရုတ်လို နိုင်ငံမျိုးကတောင် နွေဦးတော်လှန်ရေးဘက်ကို တဖြည်းဖြည်း ပါလာနိုင်ကြောင်း သုံးသပ်လိုက်ပါတယ်။

ဇော်တူးဆိုင်း အကြောင်း - ငယ်နာမည် ငဇော်၊ အညာသားပါ။ တောင်သူလယ်သမား မိဘတွေက မွေးပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲအပြီး နိုင်ငံရေးကျပ်တည်းလာတော့ လက်နက်ကိုင်တိုက်ချင်လို့ အသက် ၁၇ နှစ်မှာ တောခိုပါတယ်။ ဒုက္ခသည်စခန်းမှာ ခုနစ်နှစ်နေရင်း ကျောင်းသားတပ်မတော်မှာ ရုံးလုပ်ငန်းတွေ တာဝန်ယူခဲ့ပါတယ်။ နယူးဒေလီမှာ ကောလိပ်ကျောင်းပြန်တက်အပြီး ဖောင်ဒေးရှင်းတစ်ခု မှာ ဝန်ထမ်းလုပ်ပါတယ်။ ကချင်အမျိုးသမီးနဲ့ အိမ်ထောင်ကျတော့ ဇော်တူးဆိုင်း ရယ်လို့ ဖြစ်ပါတယ်။ အလုပ်လုပ်တဲ့ ဖောင်ဒေးရှင်းကြောင့် အမေရိကန်ရောက်တုန်း ကိုလံဘီယာတက္ကသိုလ် (Columbia University) ကနေ နိုင်ငံတကာရေးရာ၊ ဘောဂဗေဒဆိုင်ရာမူဝါဒ (Public Policy) မဟာဘွဲ့ ရရှိခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly