ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် ဆက်စပ်စွဲဆိုထားသည့်အမှု၌ အပြစ်မရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ထွက်ဆို

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် ဆက်စပ်စွဲဆိုထားသည့်အမှု၌ အပြစ်မရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ထွက်ဆို

ဇွန် ၂၉

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် ဆက်စပ်စွဲဆိုထားသည့်အမှုနှင့် ပတ်သက်ပြီး အပြစ်မရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် စွပ်စွဲခံရသူ သုံးဦးက ယနေ့ ဇွန်လ ၂၈ရက်နေ့ ရုံးချိန်းတွင် ထွက်ဆိုခဲ့ကြကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် ဆက်စပ်စွဲဆိုထားသည့်အမှုများထဲမှ အမှုနံပါတ် ၃/ ၂၀၂၁နှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် စွပ်စွဲခံရသူ သုံးဦးက ယ​နေ့ရုံးချိန်းတွင် ထွက်ဆိုခဲ့ကြခြင်းဖြစ်သည်။

အဆိုပါအမှုနှင့်ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ​နေပြည်​တော်မြို့​တော်ဝန် ဒေါက်တာမျိုးအောင်တို့က ခံပြသက်သေစာရင်း တင်သွင်းမထား​ကြောင်းလည်း သိရသည်။

အဆိုပါ အမှုနံပါတ် (၃) မှာ နေပြည်တော် လရောင်တောတွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ စိုက်ပျိုးသက်မွေးပညာသင်တန်းကျောင်း စီမံကိန်း ဆောင်ရွက်ရန် နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ မြေ ၁၀၁ ဒသမ ၃၃ဧကကို ချထားပေးသည့်ကိစ္စနှင့် ပတ်သက်ကာ ဒေါ်အောင်ဆန်းစုကြည်၊ နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်နှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် ဦးမင်းသူတို့ကို အဂတိဖြင့် စွဲဆိုထားသည့်အမှု ဖြစ်သည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လက်ရှိတွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် ဆက်စပ်စွဲဆိုထားသည့် အဂတိအမှုများမှာ ဦးမောင်ဝိတ်ထံမှ လာဘ်ယူသည်ဟုဆိုကာ စွဲဆိုထားသည့် အမှုနှစ်မှုအပါအဝင် အမှု​ ခြောက်မှု ရှိသည်။

အဆိုပါ အမှု​​ခြောက်မှုထဲမှ ယခု ၃/၂၀၂၁အမှုအပါအဝင် လေးမှုကို စွဲချက်တင်ကြောင်း ပြီးခဲ့သည့် မေလ ၂၄ရက်နေ့ရုံးချိန်းတွင် အထူးတရားရုံးက အမိန့်ချခဲ့ခြင်းဖြစ်သည်။

ယနေ့ ရုံးချိန်းတွင် ဦးမောင်ဝိတ်ထံမှ လာဘ်ယူသည်ဆိုကာ စွပ်စွဲထားသည့် အမှုနှစ်မှုကိုလည်း စစ်ဆေးခဲ့ပြီး ယင်းအမှုများအားလုံးကို နောက်တစ်ပတ်သို့ ပြန်လည်ချိန်းဆိုထားသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အဂတိအမှု ၁၂ မှုအပါအဝင် အမှုပေါင်း ၁၉ မှုဖြင့် စွပ်စွဲတရားစွဲခံထားရပြီး အမှုခြောက်မှုအတွက် ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခံထားရသည်။

#mizzima

#နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်

#စွပ်စွဲတရားစွဲခံထားရ

#လာဘ်ယူသည်ဆိုကာ

#အမိန့်ချခဲ့ခြင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required