ဘင်္ဂလားဒေ့ရှ်တွင် တံတားသစ်ကို ဝေဖန်သဖြင့် လူ ၂ ဦးကို ဖမ်းဆီး 

ဘင်္ဂလားဒေ့ရှ်တွင် တံတားသစ်ကို ဝေဖန်သဖြင့် လူ ၂ ဦးကို ဖမ်းဆီး 

ဇွန်လ ၂၈ ရက်

ဘင်္ဂလားဒေ့ရှ်တွင် အကြီးမားဆုံး အောင်မြင်မှုတစ်ရပ်အဖြစ် အစိုးရက ကျယ်ကျယ်လောင်လောင် ပြောဆိုထားသော တံတားသစ်ကို လူမှုမီဒီယာတွင် ဝေဖန်အပြစ်ဆိုသည်ဟု ယူဆပြီး လူ နှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားသည်။ 

နှောင့်နှေးမှုများနှင့် အကျင့်ပျက်ခြစားမှု စွပ်စွဲချက်များဖြင့် ကြုံခဲ့ပြီး နှစ်ရှည်ကြာမြင့်စွာ တည်ဆောက်ခဲ့ရသော Padma Multipurpose Bridge တံတားသစ် ဖွင့်ပွဲကို ပြီးခဲ့သည့် ရုံးပိတ်ရက်က ကျင်းပခဲ့ခြင်းဖြစ်ပြီး လူတစ်သန်းနီးပါး တက်ရောက်ခဲ့ကြသည်။ 

အဆိုပါ တံတားအား ဖွင့်လှစ်ခြင်းသည် ဝန်ကြီးချုပ် ရှိတ် ဟာစီနာ၏ အဓိက အခြေခံအဆောက်အအုံ ရည်မှန်းချက်တစ်ရပ်ဖြစ်ပြီး စီမံကိန်းနှင့် ပတ်သက်၍ အစိုးရ၏ လုပ်ဆောင်ချက်အပေါ် မည်သည့်ဝေဖန်မှုကိုမဆို  ပြတ်ပြတ်သားသား တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။ 

ယခု ဖမ်းဆီးခံရသူ နှစ်ဦးတွင် တစ်ဦးမှာ ထို တံတားပေါ်တွင် ၎င်းက ဆီးသွားနေသည့် ဓာတ်ပုံဖြင့် မှတ်ချက်စာသားများ ဖေ့ဘုတ်ပေါ်တွင် ရေးတင်ပြီးနောက် တနင်္လာနေ့၌ ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း ပြည်တွင်းမီဒီယာက ဖော်ပြသည်။ 

ဖမ်းဆီးထားသူသည် အတိုက်အခံ BNP ပါတီမှ အောက်ခြေတာဝန်ရှိသူ အဘူလ် ကာလမ် အဇက်ဒ်ဖြစ်ကြောင်း ရဲက အေအက်ဖ်ပီကို ပြောပြီး မည်သို့သော စာသားမျိုး ရေးသားသည်ဆိုခြင်းကို ပြောဆိုခြင်း မရှိပေ။ 

“သူက တံတားနဲ့ ပတ်သက်ပြီး ဆိုးဝါးတဲ့ မှတ်ချက်စကားတွေ၊ ညံ့ဖျင်းတဲ့ စကားလုံးတွေနဲ့ ရေးသားခဲ့တာ ဖြစ်တယ်”ဟု ကွမ်ပါနီဂန် ကမ်းရိုးတန်းခရိုင် ရဲချုပ် ဆာဒီကာ ရတ်ရှ်မန်းက ပြောသည်။ 

အဘူလ် ကာလမ်သည် ၎င်း၏ ဖေ့ဘုတ်ပို့နှင့် ပတ်သက်ပြီး “ကျယ်ကျယ်ပြန့်ပြန့် တုံ့ပြန်ခံရပြီးနောက်” ပို့စ်ကို ဖျက်သွားခဲ့ကြောင်း ရဲက ပြောပြီး ၎င်းထံမှ မှတ်ချက်ပြောဆိုခြင်း လတ်တလော မရရှိသေးပေ။ 

၎င်းအား ဖမ်းဆီးသည့် တစ်နေ့တည်းမှာပင် တံတားက မူလီများက အလွယ်တကူ ဖြုတ်၍ရကြောင်း ဗီဒီယိုတို တင်ခဲ့သည့် TikTok အသုံးပြုတစ်ဦးကိုလည်း ဖမ်းဆီးခဲ့သည်။ 

ဘာယာဇစ် တယ်လ်ဟာ၏ အဆိုပါ TikTok ဗီဒီယို ပျံ့နှံ့ပြီးနောက်တွင် တနင်္လာနေ့၌ ဒါကာတွင် ၎င်းကို ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။ 

တံတားသစ်နှင့် အစိုးရတို့၏ ဂုဏ်သတင်းကို “ညစ်နွမ်းအောင်” ၎င်းက ဗီဒီယို  ဖန်တီးခဲ့ခြင်းဖြစ်သည်ဟု အကြီးတန်းရဲအရာရှိတစ်ဦးက သတင်းထောက်များအား ပြောသည်။ 

ရှစ်နှစ်နီးပါး တည်ဆောက်ခဲ့ရပြီး လေးမိုင် ရှည်လျားသည် ယခု တံတားသစ်သည် Padma မြစ်မှနေ၍ နိုင်ငံ၏ မဖွံ့ဖြိုးသေးသော တောင်ပိုင်းနှင့် အိန္ဒိယက ကိုလ်ကတ္တားမြို့ကြီးသို့ ကုန်စည်တင်ပို့မှု တစ်ဆို့ကြန့်ကြာနေခြင်းကို အဆုံးသတ်စေပြီ ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly