ပါကစ္စတန်၌ TTP အဖွဲ့၏ အကြမ်းဖက်ခြိမ်းခြောက်မှု ပြန်လည်ပေါ်ထွက်နေ

ပါကစ္စတန်၌ TTP အဖွဲ့၏ အကြမ်းဖက်ခြိမ်းခြောက်မှု ပြန်လည်ပေါ်ထွက်နေ

ပါကစ္စတန်တာလီဘန်ဟု သိကြသော တီရစ်-အီ-တာလီဘန် ပါကစ္စတန် (TTP) အဖွဲ့၏ ခေါင်းထောင် လာမှုကြောင့် ပါကစ္စတန်နိုင်ငံတွင် အရပ်သားပစ်မှတ်များကို တိုက်ခိုက်နိုင်ခြင်း အပါအဝင် အကြမ်းဖက် တိုက်ခိုက်မှုများ၏ ခြိမ်းခြောက်မှုအန္တရာယ်ကို ပိုကြီးလာစေလိမ့်မည်ဖြစ်ကြောင်း နယ်သာလန် အခြေစိုက် think-tank (နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအကြံပေး) အဖွဲ့တစ်ခုက ပြောသည်။ TTP အဖွဲ့သည် အာဖဂန် တာလီဘန် တို့၏ အခိုင်အမာ ထောက်ကူပံပိုးပေးခြင်းကို ရနေသည့် အဖွဲ့တစ်ခုလည်း ဖြစ်သည်။

၂၀၀၇ ခုနှစ်က အဖွဲ့ စတင်ထူထောင်ပြီးနောက်ပိုင်း TTP အဖွဲ့သည် တောင်အာရှဒေသ၌ ဩဇာအကြီးဆုံးနှင့် အကြမ်းတမ်းဆုံးသော ပါကစ္စတန်ဆန့်ကျင်ရေး အကြမ်းဖက်အဖွဲ့တစ်ခုအဖြစ် ပေါ်ထွက်ထားခဲ့သည်။

အာဖဂန်တာလီဘန်အဖွဲ့နှင့်မတူဘဲ TTP အဖွဲ့သည် ပါကစ္စတန်အာဏာပိုင်တို့နှင့် ကောင်းမွန်သော ဆက်ဆံရေးမျိုး မရှိပေ။

ပြီးခဲ့သည့်နှစ် ဩဂုတ်လက အာဖဂန်နစ္စတန်၌ တာလီဘန်တို့ အာဏာပြန်ရသွားခြင်းက တောင်အာရှ၏ ဒေသလုံခြုံရေးအတွက် မသေချာ မရေရာမှု ခေတ်သစ်တစ်ခုကို စတင်စေခဲ့သည်။

အာဖဂန်တာလီဘန်တို့သည် ပေးထားသော ကတိကဝတ်များနှင့် ဆန့်ကျင်သွေဖည်လျက်ဖြင့် ၂၀၀၁ ခုနှစ် အမေရိကန် ဦးဆောင်ပြီး အာဖဂန်ကို ကျူးကျော်မှု မတိုင်မီက ဖြစ်ခဲ့သော အခြေအနေကဲ့သို့ အာဖဂန်နစ္စတန်ကို နိုင်ငံတကာ အကြမ်းဖက်အဖွဲ့များအတွက် ဘေးကင်းခိုလှုံရာနေရာတစ်ခုအဖြစ် နောက်ထပ်တစ်ဖန် အသွင်ပြောင်းလဲသွားနိုင်ကြောင်း နိုင်ငံတကာ လေ့လာစောင့်ကြည့်သူများက ၎င်းတို့၏ စိုးရိမ်ပူပန်မှုများကို ထုတ်ဖော်ထားကြသည်။

ကဘူးလ်ကို သိမ်းပိုက်ပြီးနောက်ပိုင်း တာလီဘန်တို့၏ ပြုမူလုပ်ဆောင်ချက်များကြောင့် ပါကစ္စတန်တွင်လည်း အန္တရာယ် အချက်ပေး ခေါင်းလောင်းသံများ မြည်ထားခဲ့ကြောင်း အမ်စတာဒမ် အခြေစိုက် think-tank အဖွဲ့က ထုတ်ပြန်သည့် သုတေသန စာတမ်းတစ်စောင်တွင် ပြောသည်။
 
“ဒီလို အခြေအနေတွေ ယိုယွင်းဆိုးရွားမှုက အဓိကအားဖြင့်တော့ TTP လို့ သိကြတဲ့ ပါကစ္စတန် တာလီဘန်အဖွဲ့ကို အာဖဂန် တာလီဘန်တို့ဘက်က ထောက်ခံပေးမှုနဲ့ သက်ဆိုင်နေပါတယ်။ TTP နဲ့ အင်မတန် ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိထားတယ်လို့ အာဖဂန် တာလီဘန်တွေက ပြောထားပါတယ်” ဟု လွတ်လပ်သော think-tank အဖွဲ့တစ်ခု ဖြစ်သလို တောင်အာရှဆိုင်ရာ မူဝါဒ သုတေသန အင်စတီကျူ့တစ်ခုလည်းဖြစ်သည့် တောင်အာရှဒေသ လေ့လာမှုဆိုင်ရာ ဥရောပဖောင်ဒေးရှင်း (EFSAS) က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly