ရှင်ကျန်းအကြီးအကဲဟောင်းကို ရာထူးလျှော့ချခြင်းက အမေရိကန်နှင့်တင်းမာမှုလျှော့ချရန်လုပ်ဆောင်ခြင်းဟု ထင်ကြေးပေးမှုများရှိနေ

ရှင်ကျန်းအကြီးအကဲဟောင်းကို ရာထူးလျှော့ချခြင်းက အမေရိကန်နှင့်တင်းမာမှုလျှော့ချရန်လုပ်ဆောင်ခြင်းဟု ထင်ကြေးပေးမှုများရှိနေ

တရုတ်နိုင်ငံ ရှင်ကျန်းဒေသမှ အကြီးအကဲဟောင်းသည် ယမန်နှစ်က ရာထူးအဆင့်လျှော့ချခံခဲ့ရကာ ယခုအခါ နိုင်ငံတွင်း အခြားတစ်နေရာတွင် စိုက်ပျိုးရေးဆိုင်ရာအကြီးတန်းရာထူးတာဝန်ထမ်းဆောင်နေကြောင်း Nikkei Asia သတင်းတွင် ဖော်ပြထားသည်။

တရုတ်သမ္မတရှီကျင့်ဖျင်သည် တရုတ်ကွန်မြူနစ်ပါတီ (CCP)ခေါင်းဆောင်အဖြစ် တတိယသက်တမ်းရယူမည့် အမျိုးသားကွန်ဂရက်မတိုင်မီ အမေရိကန်နှင့်တင်းမာမှုများလျော့ကျစေရန် အဆိုပါအရာရှိကို ရာထူးချခဲ့ခြင်းဖြစ်သည်ဟု ခန့်မှန်းရသည်။ CCP ၏ အကြီးအကဲရာထူးတာဝန်မှ နေရာရွှေ့ပြောင်းခံရပြီးနောက် ချန်ကွမ်ဂေါင်သည် မည်သည့်နေရာ၌ တာဝန်ထမ်းဆောင်နေသည်ကို ရှင်းရှင်းလင်းလင်း မသိရပေ။

ချန်သည် ဇွန် ၁၄ ရက်က ပြုလုပ်သည့် စိုက်ပျိုးရေးမူဝါဒဆိုင်ရာ အစည်းအဝေးသို့ ပါတီ၏ ဗဟိုကျေးလက် လုပ်ငန်းဦးစီးအဖွဲ့၏ ဒုဥက္ကဋ္ဌအဖြစ် တက်ရောက်ခဲ့ကြောင်း ဆင်ဟွာသတင်းအေဂျင်စီက ဖော်ပြခဲ့သည်။ Nikkei Asia အဆိုအရ ဒု-ဝန်ကြီးချုပ် ဟူချွန်းဟွာက အဆိုပါအဖွဲ့ကို ဦးဆောင်ခဲ့သည်။

ထို့ကြောင့် အမျိုးသားကွန်ဂရက်မတိုင်မီ ထိရောက်သော ရာထူးလျှော့ချသည့်ဖြစ်ရပ်ဖြစ်ပြီး ချန်သည် အသက် ၆၆ နှစ်ရှိပြီဖြစ်သဖြင့် ပါတီရှေ့တန်းတွင် ပြန်ပေါ်လာဖွယ်မရှိပေ။ ပေါ်လစ်ဗျူရိုအဖွဲ့ဝင်အဖြစ် ဆက်ရှိနေမည်လားဆိုသည်မှာ မသေချာပေ။

ချန်သည် တိဗက်ရှိ အာဏာရှင်ဆန်သော လုံခြုံရေးယန္တရား၏နောက်ကွယ်မှ ပုဂ္ဂိုလ်တစ်ဦးဖြစ်သလို ဝီဂါလူနည်းစု ၁ သန်းကျော်ကို အကျဉ်းချထားသည့် ရှင်ကျန်းစခန်းများနောက်ကွယ်မှ ကြိုးကိုင်ခြယ်လှယ်သူဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly