နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် သမ္မတတို့ကို စွပ်စွဲထားသည့် ရဟတ်ယာဉ်အမှု ဒုဝန်ကြီးဦးစိုးအောင်ကို ပြန်လှန်စစ်မေးမှုပြုလုပ်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် သမ္မတတို့ကို စွပ်စွဲထားသည့် ရဟတ်ယာဉ်အမှု ဒုဝန်ကြီးဦးစိုးအောင်ကို ပြန်လှန်စစ်မေးမှုပြုလုပ်

ဇွန် ၂၈

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ကိုစွပ်စွဲထားသည့် အဂတိအမှုငါးမှုထဲမှ ရဟတ်ယာဉ်ငှားရမ်းမှုနှင့်ပတ်သက်သည့်အမှုကို ယမန်နေ့ ဇွန်လ ၂၇ ရက်နေ့ ရုံးချိန်း တွင် စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါအမှုနှင့်ပတ်သက်ပြီး NLD အစိုးရလက်ထက်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်ကို စွပ်စွဲခံရသူဘက်မှရှေ့နေအဖွဲ့က ပြန်လှန်စစ်မေးမှု ပြုလုပ်ခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သည့်အသိုင်းအဝိုင်းမှ သိရသည်။

ပြန်လှန်စစ်မေးပြီးပြတ်ခြင်းမရှိသည့်အတွက် နောက်ရုံးချိန်းတွင်လည်း အဆိုပါအမှုအတွက် ဦးစိုးအောင် ကိုပင် ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကာ ကျန်သည့်အမှုလေးမှုကိုလည်း နောက်တပတ် တနင်္လာနေ့သို့ ချိန်းဆိုထားကြောင်း သိရသည်။

တရားလိုမှာ စစ်ကောင်စီလက်အောက်ခံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ညွှန်မှူး ဦးအောင်ခန့် ဖြစ်ပြီး သဘာဝဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရန် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ရဟတ်ယာဥ်ငှားရမ်းခြင်း၊ နိုင်ငံတော်ပိုင်ရဟတ်ယာဥ်တစ်စီးဝယ်ယူ ခြင်းတို့နှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ကို အဂတိမှု ငါးမှု ဖြင့် စွပ်စွဲထားခြင်းဖြစ်သည်။

အဆိုပါအမှုများထဲမှ သုံးမှုမှာ ရဟတ်ယာဥ်ငှားရမ်းမှုနှင့်ပတ်သက်ပြီး နှစ်မှုမှာ ရဟတ်ယာဥ်တစ်စီးဝယ်ယူ မှုနှင့်ပတ်သက်ပြီး စွဲဆိုထားခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် သမ္မတတို့အပေါ် စွပ်စွဲထားသည့်အမှုများကို နေပြည်တော်ကောင်စီဝန်း အတွင်းရှိအထူးတရားရုံးမှ နေပြည်တော်အချုပ်ထောင်အတွင်းရှိ တရားရုံးသို့ ဇွန်လ ၂၃ ရက်နေ့မှစတင် ကာ ပြောင်းရွှေ့စစ်ဆေးလျက်ရှိသည်။

#MIzzima

#နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်

#သမ္မတ

#အဂတိလိုက်စားမှု

#ရဟတ်ယာဉ်

#နေပြည်တော်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required