ထိုင်ဝမ်အနီးနားတွင် တရုတ်သင်္ဘောများ တွေ့ရှိသဖြင့် ထိုင်ဝမ်စစ်တပ်က သတိပေးချက် ထုတ်ပြန်

By CNA
26 June 2022
ထိုင်ဝမ်အနီးနားတွင် တရုတ်သင်္ဘောများ တွေ့ရှိသဖြင့် ထိုင်ဝမ်စစ်တပ်က သတိပေးချက် ထုတ်ပြန်

ထိုင်ဝမ်စစ်တပ်က ထိုင်ဝမ်အနီးတွင် မကြာသေးမီက ရွက်လွှင့်သွားနေသော တရုတ်ရေတပ် (PLAN) သင်္ဘော များကို သတိပြုမိခဲ့ပြီး လှုပ်ရှားမှုကို စောင့်ကြည့်ရန် စစ်သင်္ဘောများ စေလွှတ်ခဲ့ကြောင်း စစ်ဘက်ဆိုင်ရာ ပြောရေး ဆိုခွင့်ရှိသူ ဆန်းလိဖန်က ဇွန် ၂၃ရက်တွင် ပြောကြားခဲ့သည်။

တရုတ်ရေတပ်၏ Type 056A အပေါ့စားဖရီးဂိတ်သင်္ဘော (Jiangdao အတန်းအစား) နှင့် Type 052C ပဲ့ထိန်းဒုံးကျည်ဖျက်သင်္ဘော (Luyang-II အတန်းအစား) တို့သည် ဂျပန်နိုင်ငံ အိုကီနာဝါစီရင်စုရှိ ယိုနာဂူနီကျွန်းနှင့် ထိုင်ဝမ်ရီလန်ကောင်တီကြားတွင် ဇွန် ၂၁ရက်က သီးခြားစီ ရွက်လွှင့်ခဲ့သည့် သတင်းနှင့် ပတ်သက်ပြီး ပြင်းထန်သော ခြိမ်းခြောက်မှုများရှိနေသော်လည်း လေ့ကျင့်ရေးနှင့် တိုက်ခိုက်ရေး အဆင် သင့်ထားရှိရန် သန္နိဋ္ဌာန်ချထားပြီး နိုင်ငံတော်လုံခြုံရေးကို အကာအကွယ်ပေးနိုင်မည်ဟု ယုံကြည်ကြောင်း ဆန်းက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

PLAN သင်္ဘောနှစ်စင်းသည် ယိုနာဂူနီကျွန်းနှင့် ရီလန်အကြား တောင်ဘက်သို့ ထွက်ခွာသွားခဲ့ပြီး ပစိဖိတ် သမုဒ္ဒရာသို့ ဦးတည်သွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မီဒီယာများ၏ အဆိုအရ အဆိုပါ PLAN သင်္ဘောနှစ်စင်းသည် မကြာသေးမီက ဂျပန်ပိုင်နက်အနီးတွင် ဂျပန် ကာကွယ်ရေးဝန်ကြီးဌာနက စောင့်ကြည့်လေ့လာခဲ့သည့် ရုရှားနှင့် တရုတ်စစ်သင်္ဘောများထဲတွင် ပါဝင်ခဲ့သည်။

ဂျပန်ကာကွယ်ရေးဝန်ကြီး နိုဘော်ကီရှစ်က မကြာသေးမီက “အင်အားပြသည့်အနေဖြင့်”ဂျပန်အနီးတွင် ရွက်လွှင့်လာသော တရုတ်နှင့် ရုရှားစစ်သင်္ဘောများအား စစ်လက်နက်ဖြင့် ခြိမ်းခြောက်သည့်နည်းဗျူဟာကဲ့သို့ လုပ်ရပ်များကို ဆန့်ကျင်ရန် သတိပေးခဲ့ကြောင်း Kyodo News တွင် ဖော်ပြထားသည်။

ထိုအချိန်က ကမ္ဘောဒီးယားသို့ အလည်အပတ်ရောက်ရှိနေသော ကီရှီက ဇွန်လလယ်မှစ၍ အလားတူ လမ်းကြောင်းအတိုင်း ဂျပန်အနီးအနားသို့ ရွေ့လျားနေသည့် ရုရှားနှင့် တရုတ်သင်္ဘော ၁၀ စင်းနီးပါးကြောင့် စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

အဆိုပါ လုပ်ရပ်များအား ဂျပန်ကို ဝိုင်းပတ်ရန်ကြိုးပမ်းခြင်းဟု ဖော်ပြခဲ့သည်ဟု သတင်းက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly