အာဖဂန်အမျိုးသမီးများ၏ အခွင့်အရေးကို မူလအတိုင်း ပြန်ရစေရေးနှင့် ဥရောပသမဂ္ဂ၏ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အခန်းကဏ္ဍ

အာဖဂန်အမျိုးသမီးများ၏ အခွင့်အရေးကို မူလအတိုင်း ပြန်ရစေရေးနှင့် ဥရောပသမဂ္ဂ၏ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အခန်းကဏ္ဍ

ဥရောပသမဂ္ဂ (အီးယူ) နှင့် ဥရောပ ပြင်ပလှုပ်ရှားမှုဌာန (EEAS) တို့က အစပျိုးပြီး ထောက်ပံ့ခဲ့သည့် ဒုတိယ မြောက် အာဖဂန်အမျိုးသမီးခေါင်းဆောင်များ ဖိုရမ် (AWLF) ကို ဘရက်ဆဲလ်မြို့၌ မေလ ၁၉ ရက်နှင့် ၂၀ ရက်တို့ တွင် ကျင်းပခဲ့သည်။ အရပ်ဘက် လူ့အဖွဲ့အစည်းနှင့် နိုင်ငံရေး ခေါင်းဆောင်များ၊ တက်ကြွလှုပ်ရှားသူများ၊ ရှေ့နေ များ၊ ဂျာနယ်လစ်များနှင့် အာဖဂန်နစ္စတန် ပြည်တွင်း၊ ပြည်ပရှိ အမျိုးသမီးရေးရာ လှုပ်ရှားမှုအဖွဲ့များမှ ကိုယ်စား လှယ်များ အပါအဝင် နယ်ပယ်စုံမှ အာဖဂန်အမျိုးသမီးများကို အဆိုပါ AWLF ဖိုရမ်က အတူတကွ ဆုံစည်း စေခဲ့သည်။ လူ့အခွင့်အရေးနှင့် ကျားမ တရားမျှတမှုဆိုင်ရာ အထူးကျွမ်းကျင်သူတစ်ဦးဖြစ်သည့် နာဇီလာ ဂျမ်ရှီဒီ လည်း ထို ဖိုရမ်သို့ တက်ရောက်ခဲ့ပြီး အာဖဂန်နစ္စတန်နှင့် ပတ်သက်သည့် အီးယူ၏ လက်ရှိ မူဝါဒနှင့် အမျိုးသမီးများ၏ လူ့အခွင့်အရေးများကို မူလအတိုင်း ပြန်ဖြစ်စေရန် ယင်း၏ အရေးပါသော အခန်းကဏ္ဍတို့နှင့် စပ်လျဉ်းပြီး အတွေးအမြင်များကို မျှဝေခဲ့သည်။

အာဖဂန်တွင် အမျိုးသမီးများ၏ လွတ်လပ်ခွင့်နှင့် လူ့အခွင့်အရေးတို့နှင့် ပတ်သက်၍ ဆယ်စုနှစ် နှစ်စုကြာ တိုးတက်မှုများ ရှိခဲ့ပြီးနောက် ယခုအခါ ဘူခါ ဟု ခေါ်သည့် မျက်စိနေရာအတွက် ဆန်ခါဇာကွက်တစ်ခုသာ ပါပြီး ခန္ဓာကိုယ် တစ်ကိုယ်လုံးကို ဖုံးလွှမ်းသည့် ခြုံထည်က အာဖဂန်နစ္စတန်၌ အမျိုးသမီးများအပေါ် ဖိနှိပ်ချုပ်ချယ်မှု၏ သင်္ကေတတစ်ခုအဖြစ် တစ်ဖန် ပေါ်ပေါက်ထားခဲ့ပြီ ဖြစ်သည်။

တာလီဘန် ထိန်းချုပ်မှုအောက်တွင် အမျိုးသမီးများ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်သွားမည် ဆိုပြီး တာလီဘန် ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာ မူဂျာဟစ်က လူသိရှင်ကြား ကတိပြုပြောဆိုပြီးနောက် ၉လအကြာတွင် အာဖဂန်အမျိုးသမီးများမှာ ၎င်းတို့၏ လူသားအခွင့်အရေးတိုင်းတွင် ပို၍ပို၍ ကန့်သတ်ဘောင်ခတ်ခံထားရပြီဖြစ်သည်။

အာဖဂန် အမျိုးသမီးရေးရာဝန်ကြီးဌာန နေရာတွင် အကျင့်သီလ စင်ကြယ်ရေးနှင့် မကောင်းမှု ဒုစရိုက်တားဆီးရေး ဝန်ကြီးဌာနဖြင့် အစားထိုးခြင်း၊ အာဖဂန်နစ္စတန် လွတ်လပ်သော လူ့အခွင့်အရေး ကော်မရှင် (AIHRC) ကို ဖျက်သိမ်းခြင်းအားဖြင့် တာလီဘန်တို့သည် အမျိုးသမီးများ၏ အခွင့်အရေးများကို ကာကွယ် စောင့်ရှောက် အားပေးနိုင်သည့်၊ ကျားမ အခြေပြု အကြမ်းဖက်မှုကို ဖယ်ထုတ်ရှင်းလင်းနိုင်သည့် အရာမှန် သမျှအပေါ် မလိုမုန်းတီးဖြစ်မှုကို ထုတ်ဖော်ထားပြီး ထိုအရာများက ကျူးကျော်သိမ်းပိုက်သူများ ထောက်ခံအားပေးခဲ့သည့် အာဖဂန် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခု၏ အမွေအနှစ် ဖြစ်သည်ဟု တာလီဘန်တို့က ရှုမြင်ထားကြသည်။

အမျိုးသမီးများ၏ အလုပ်လုပ်ကိုင်ခွင့်၊ ပညာသင်ကြားခွင့်၊ အခွင့်အရေး ရယူခွင့်၊ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ခွင့်တို့ကို ငြင်းဆန်ပိတ်ပင်ခြင်းအပြင် တာလီဘန်တို့၏ ဖိနှိပ်ချုပ်ချယ်သော အမိန့်ဒီကရီများက အမျိုးသမီးများကို အဆက်မပြတ် ပစ်မှတ်ထားနေခဲ့သည်။

အမျိုးသားဆွေမျိုးအဖော်တစ်ဦး မပါဘဲ အမျိုးသမီးများကို ခရီးသွားခွင့် ပိတ်ပင်ခြင်း၊ ခေါင်းအစ ခြေအဆုံး ဖုံးသော ဘူခါကို မဖြစ်မနေ ဝတ်ရမည်ဆိုပြီး ပြဋ္ဌာန်းခြင်းတို့က အာဖဂန်တွင် တာလီဘန်တို့ဘက်က အမျိုးသမီးများ၏ အခွင့်အရေးများအပေါ် အရှိန်မြှင့် တိုက်ခိုက်နေခြင်း၏ မကြာသေးခင်က ထွက်ပေါ်လာသော လုပ်နည်းကိုင်နည်းများပင် ဖြစ်သည်။

မျက်နှာကို မဖြစ်မနေ ဖုံးကာပြီး အနက်ရောင် ဟေဂျပ် မဖြစ်မနေ ဝတ်ရန် ဖိအားပေးခိုင်းစေခံခဲ့ရသည့် TOLO news သတင်းဌာနမှ အမျိုးသမီး သတင်းအစီအစဉ်တင်ဆက်သူတစ်ဦး ဖြစ်သည့် ခါတီရာ အာမက်ဒီ၏ ပုံက အာဖဂန်နစ္စတန်ရှိ ခန့်မှန်းလူဦးရေ သန်း ၄၀ ၏ ထက်ဝက်ခန့်ဖြစ်သော အမျိုးသမီးများနှင့် မိန်းကလေးငယ် သန်း ၂၀ ခန့်တို့၏ ပူပင်သောကများနှင့် ဆင်းရဲဒုက္ခများကို ထုတ်ဖော်ပြသနေသည်။ တာလီဘန်တို့၏ အလွန့်အကျွံ အမျိုးသမီးမုန်းတီးမှုက ဘူခါ ပြဋ္ဌာန်းမှုနှင့် စတင်ခဲ့ခြင်းမဟုတ်သလို ယင်းလောက်နှင့်လည်း အဆုံးသတ်သွားလိမ့်မည် မဟုတ်ဆိုသည်မှာ သံသယဖြစ်စရာ မရှိပေ။ ဘူခါ သည် အာဖဂန် အမျိုးသမီးများ၏ အကျဉ်းအကျပ် အတိဒုက္ခတို့၏ ထင်သာမြင်သာရှိသော သို့မဟုတ် ဘာသာစကားဆိုင်ရာ ရည်ညွှန်းမှုတစ်ခုမျှသာ ဖြစ်သည်။

EEAS နှင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ကျား/မ တန်းတူညီမျှမှုသည် အီးယူ၏ အမြင်တူညီသော တန်ဖိုးများနှင့် စံနှုန်းများအနက်မှ တစ်ခု ဖြစ်သည်။ အီးယူသည် ကျား/မ တန်းတူညီမျှမှုအပေါ် အားပေးခြင်းကို ကိုယ်ပိုင်မူတစ်ခု ၊ ရည်မှန်းချက် တစ်ခုနှင့် အလွန်အရေးပါသော တာဝန်တစ်ရပ်အဖြစ် အသိအမှတ်ပြုထားသည်။ အမျိုးသမီး စွမ်းဆောင်ရည်မြှင့်တင်မှုကို ဖွံ့ဖြိုးတိုးတက်မှု၏ အဓိက သော့ချက်အဖြစ် အဓိပ္ပာယ်ဖွင့်ဆိုသည့် ၂၀၀၅ ခုနှစ် ဥရောပ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အများသဘောဆန္ဒတွင် ယင်းကို ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကဏ္ဍအားလုံးအပေါ် သက်ရောက်သည့် အရေးကြီးသော ကိစ္စတစ်ခုအဖြစ် ပထမဆုံးအကြိမ် ခွဲခြားဖော်ထုတ်ခဲ့သည်။ ၂၀၁၀ ပြည့်နှစ်တွင် အီးယူသည် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အမျိုးသမီး စွမ်းဆောင်ရည် မြှင့်တင်မှုနှင့် ကျား/မ တန်းတူညီမျှမှုဆိုင်ရာ အက်ရှင်ပလန်ကို သဘောတူပြဋ္ဌာန်းခဲ့သည်။ ယင်းသည် သဘောတူညီထားသည့် အီးယူ၏ ကျား/မရေးရာ မူဝါဒကို အကောင်အထည်ဖော်ဆောင်ခြင်းနှင့် ပေါင်းစပ်ညှိနှိုင်းခြင်းကို အားကောင်းစေရန် ရည်ရွယ်သည့် စာရွက်စာတမ်းဖြစ်သည်။ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလတွင် ဥရောပကောင်စီသည် ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး အရေးယူဒဏ်ခတ်မှု စနစ်တစ်ခုကို ထူထောင်သည့် စည်းမျဉ်းတစ်ခုနှင့် ဆုံးဖြတ်ချက်တစ်ခုကို သဘောတူပြဋ္ဌာန်းခဲ့သည်။ အီးယူသည် ကမ္ဘာတစ်ဝန်းရှိ ကြီးလေးသော လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ညှင်းပန်းနှိပ်စက်မှုများ မည်သည့်နေရာတွင် ဖြစ်ပွားပါစေ၊ ယင်းချိုးဖောက်မှုများတွင် ပါဝင်ပတ်သက်မှုအတွက် တာဝန်ရှိသည့် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများနှင့် အစုအဖွဲ့များကို ပစ်မှတ်ထားသည်။

၂၀၂၁ ခုနှစ် ဩဂုတ်လ အာဖဂန်တွင် ယခင်အစိုးရ ပြုတ်ကျပြီး တာလီဘန်တို့ အာဏာရပြီးနောက်ပိုင်း အာဖဂန် နစ္စတန်အတွက် ရှေ့ကာလ ဖွံ့ဖြိုးရေး အကူအညီပေးမှုတိုင်းသည် နိုင်ငံတကာ စံနှုန်းများကို လေးစားလိုက်နာမှု၊ အမျိုးသမီးများနှင့် မိန်းကလေးများ၏ အခွင့်အရေးများ အပါအဝင် တရားဝင် လူ့အခွင့်အရေး မူဘောင်ကို လေးစားလိုက်နာခြင်းအပေါ် အကြီးအကျယ် မူတည်လိမ့်မည်ဟု အီးယူက ရှင်းရှင်းလင်းလင်း ထုတ်ဖော်ခဲ့သည်။

အီးယူက အစပျိုး ပံ့ပိုးဆောင်ရွက်သည့် အစည်းအဝေးများ ဖြစ်သော ၂၀၂၂ ခုနှစ် မတ်လနှင့် မေလ၌ ဘရက်ဆဲလ်မြို့တွင် ကျင်းပသည့် အာဖဂန် အမျိုးသမီး ခေါင်းဆောင်များ ဖိုရမ် (AWLF) ၏ ပထမနှင့် ဒုတိယအကြိမ် အစည်းအဝေးများတွင် အာဖဂန်ဆိုင်ရာ အီးယူ အထူးသံတမန် သောမတ်စ် နစ်ကလက်ဆန်က ပြောကြားရာတွင် အီးယူအနေဖြင့် အမျိုးသမီးများ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန် မူအရ ဖြစ်သော ရပ်တည်ချက်တစ်ခု ကိုင်ဆွဲထားသည်ဟု ပြောသည်။

“ကျွန်တော်တို့ရဲ့ တန်ဖိုးတွေ၊ စည်းမျဉ်း တွေနဲ့အညီ အာဖဂန်နစ္စတန်နဲ့ အခြားနေရာဒေသတိုင်းမှာ ရှိတဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေကို ဆက်လက် ထောက်ကူပံ့ပိုးသွားမယ်လို့ ကျွန်တော်တို့ စိတ်ဆုံးဖြတ်ထားပါတယ်” ဟု ၎င်းက ပြောသည်။ AWLF တွင် အရပ်ဘက် လူ့အဖွဲ့အစည်းနှင့် နိုင်ငံရေး ခေါင်းဆောင်များ၊ တက်ကြွလှုပ်ရှားသူများ၊ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများ၊ ရှေ့နေများ၊ ဂျာနယ်လစ်များနှင့် အာဖဂန်နစ္စတန် ပြည်တွင်း၊ ပြည်ပ တို့ရှိ အမျိုးသမီးရေးရာ လှုပ်ရှားမှုအဖွဲ့များမှ ကိုယ်စားလှယ်များ အပါအဝင် ဘက်ပေါင်းစုံမှ အာဖဂန်အမျိုးသမီးများ ပါဝင်သည်။ သက်ဆိုင်ရာ ပြည်တွင်း၊ ဒေသဆိုင်ရာနှင့် နိုင်ငံတကာ ပါဝင်ပတ်သက်သူအားလုံးနှင့် ဆွေးနွေးညှိနှိုင်းဆက်ဆံရေး၊ အာဖဂန်အမျိုးသမီးများ ၎င်းတို့နိုင်ငံ၏ အနာဂတ်အပေါ် လွှမ်းမိုးနိုင်ပြီး အဓိပ္ပါယ်ရှိသော အခန်းကဏ္ဍကနေ ပါဝင်နိုင်ခွင့်ရစေမည့် မတူညီသောပုံစံများနှင့် ဆွေးနွေးညှိနှိုင်းခြင်းကို ဖော်ထုတ်ခြင်းက အရေးကြီးကြောင်းကို ထို အစည်းအဝေးများတွင် အလေးပေး ထုတ်ဖော်ခဲ့သည်။

အီးယူအနေဖြင့် ဆက်လက် ဆက်ဆံပတ်သက်သင့် 

အာဖဂန်နစ္စတန်တွင် အာဏာပြန်ရပြီးနောက် အမျိုးသမီး အခွင့်အရေးများကို လေးစားလိုက်နာပါမည် ဆိုသည့် တာလီဘန်တို့၏ ကတိများက ဆွဲဆောင်နိုင်ဖွယ် မဖြစ်ခဲ့ပေ။ နော်ဝေနိုင်ငံ အော်စလိုတွင် ပြုလုပ်သည့် ဆွေးနွေးပွဲများတွင် အမျိုးသမီးများနှင့် မိန်းကလေးများ၏ ပညာသင်ခွင့်ကို အသိအမှတ်ပြုရန် အနောက်အုပ်စု သံတမန်များက တာလီဘန်တို့ကို ဖိအားပေးခဲ့သော်လည်း အာဖဂန်တွင် မိန်းကလေးများအတွက် ကျောင်းများမှာ ဆက်လက် ပိတ်ထားဆဲဖြစ်သည်။

ယင်းအတွက်ကြောင့် တာလီဘန်တို့နှင့် ယင်းကဲ့သို့ ဒစ်ပလိုမေစီနည်းလမ်း အသုံးပြုခြင်းက အာဖဂန်နစ္စတန်ရှိ အမျိုးသမီးများ၏ အခွင့်အရေးများနှင့် ဂုဏ်သိက္ခာကို ကာကွယ်ပေးနိုင်ရန် ထိရောက်သော လက်နက်တစ်ခု မဟုတ်ဆိုသည်ကို ပြသထားခဲ့ပြီးဖြစ်သည်။ တစ်ဖက်တွင် တာလီဘန်ခေါင်းဆောင်များနှင့် ကုလ အရေးယူပိတ်ဆို့မှု စာရင်းတွင် ပါဝင်နေဆဲဖြစ်သည့် ပုဂ္ဂိုလ်များ အနောက်နိုင်ငံများသို့ ခရီးသွားရောက်ခြင်းကို ထောက်ခံချက်တစ်ခုအဖြစ် တာလီဘန်တို့နှင့် ၎င်းတို့ကို ထောက်ခံသူများက သဘောထားကြသည်။ ဥရောပနိုင်ငံ အများအပြားသည် အာဖဂန်နစ္စတန်ရှိ ၎င်းတို့၏ သံရုံးမစ်ရှင်များ၌ တာဝန်ထမ်းဆောင်ခဲ့ကြသူများကို ရွှေ့ပြောင်းခေါ်ထုတ်ရေးနှင့်ပတ်သက်ပြီး တာလီဘန်တို့နှင့် စကားပြောဆို ထားခဲ့ကြပြီး ယင်းနောက် လူ့အခွင့်အရေး ခုခံကာကွယ်သူများ၊ ဂျာနယ်လစ်များ၊ အရပ်ဘက်အဖွဲ့အစည်း တက်ကြွလှုပ်ရှားသူများနှင့် တရားသူကြီးများ အပါအဝင် အာဖဂန် ၂၂၀၀၀ ကို ရွှေ့ပြောင်းခေါ်ထုတ်မှုကို ဦးတည်စေခဲ့သည်။

လူသားချင်းစာနာမှု အကူအညီနှင့် ဖြစ်နိုင်ဖွယ်ရာ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနှင့် ပတ်သက်၍လည်း ဥရောပနိုင်ငံများက တာလီဘန်တို့နှင့် ပြောဆိုဆွေးနွေးထားသည်။ အီးယူအနေဖြင့် တာလီဘန်တို့နှင့် ထိတွေ့ဆက်ဆံသွားမည်ဟု အီးယူ နိုင်ငံခြားရေးရာ ဝန်ကြီးများက သဘောတူခဲ့သည်။

ယင်းသည် အကယ်၍ တာလီဘန်တို့ဘက်က လူ့အခွင့်အရေး၊ အထူးသဖြင့် အမျိုးသမီးများ၏ အခွင့်အရေးများကို လေးစားလိုက်နာပြီး အားလုံးပါဝင် ကိုယ်စားပြုသော ကြားဖြတ်အစိုးရတစ်ရပ် ထူထောင်ပါက ကဘူးလ်၌ သံတမန်ရေးရာ တည်ရှိမှုတစ်ခု ထူထောင်မည် ဆိုသည့် အဓိပ္ပါယ် ဖြစ်သည်။

အဆိုပါ သံတမန်ဆက်ဆံ ရေးများကြောင့် အထူးသဖြင့် အမျိုးသမီး အခွင့်အရေး ကာကွယ်ခြင်းနှင့် စပ်လျဉ်းပြီး တာလီဘန်တို့ဘက်တွင် အပြုအမူပိုင်းဆိုင်ရာ ပြောင်းလဲခြင်းကို ဖြစ်ပေါ်စေရန် လိုလိမ့်မည် ဖြစ်သည်။

တစ်ဖက်တွင်လည်း ဥရောပနိုင်ငံများအနေဖြင့် အခြားရွေးချယ်စရာ နည်းလမ်းမရှိဘဲ တာလီဘန်တို့နှင့် ဆက်ဆံပြောဆိုရရန် ရှိနေသည်။ တာလီဘန်နှင့် နိုင်ငံတကာ အသိုင်းအဝိုင်းအကြား လိပ်ခဲတည်းလည်း အခြေအနေက သေရေရှင်ရေးတမျှ ဖြစ်နေသော စီးပွားရေးနှင့် လူသားချင်းစာနာမှု အကျပ်အတည်းနှင့် ရင်ဆိုင်ရုန်းကန်နေရသည့် အာဖဂန်ပြည်သူများကိုသာလျင် ထိခိုက်စေရန် ရှိနေသည်။ သေချာသည်က လူသားချင်းစာနာမှုဆိုင်ရာ ကူညီထောက်ပံ့မှုက ယနေ့အချိန်တွင် ကဘူးလ်နှင့် အနောက်အုပ်စုတို့ အမြင်တူညီသည့် ဘုံ ဘာသာစကားများအနက် တစ်ခုဖြစ်သည်။ ယင်းအတွက်ကြောင့် ယင်းကို ထိရောက်စွာနှင့် အပြုသဘောဆောင်စွာ အသုံးချသင့်သည်။

ပညာသင်ယူနိုင်ခွင့်၊ အလုပ်လုပ်ကိုင်နိုင်ခွင့်၊ အကာအကွယ်ပေးထားသော တရားရေး လုပ်ငန်းများ ကဲ့သို့ အမျိုးသမီးများ၏ အခွင့်အရေးများအတွက် သတ်သတ်မှတ်မှတ်ရှိသော တောင်းဆိုချက်များကို အာရုံစိုက်ထားပြီး တာလီဘန်တို့နှင့် အလွတ်သဘောပုံစံတစ်ခုအောက်တွင် အီးယူ၏ ဆက်ဆံပတ်သက်မှုက နောက်ဆုံးတွင် အာဖဂန် အမျိုးသမီးများ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေးနိုင်သည်။ အနောက်အုပ်စုသည် ယမန်နှစ် နွေရာသီက အာဖဂန်နစ္စတန်၌ ရင်နင့်ဖွယ် အရှုံးတစ်ခုနှင့် ထိခိုက်ခံစားထားခဲ့ရပြီးဖြစ်သည်။ အာဖဂန်နစ္စတန်တွင် အသက်ပေါင်းများစွာနှင့် ရင်းမြစ်များကို ဆယ်စုနှစ်နှစ်စုကြာ ရင်းနှီးမြှုပ်နှံပြီး နောက်တွင်လည်း အမျိုးသမီး အခွင့်အရေးများနှင့်ပတ်သက်ပြီး တူညီသော အတွေးအမြင် ရှိသည့် တာလီဘန်တို့က ပြန်လည် အာဏာရသွားခဲ့ပြန်ပြီဖြစ်သည်။ တာလီဘန်တို့အနေဖြင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရမည့် ၎င်းတို့၏ တာဝန်ဝတ္တရားကို အာမခံခြင်းမရှိပါလျင် ဆက်ဆံပတ်သက်မှု မရှိခြင်းက အနောက်အုပ်စုအတွက် နောက်ထပ် အရေးနိမ့်မှုတစ်ခု ဖြစ်လိမ့်မည် ဖြစ်သည်။ သို့သော် ဆက်ဆံပတ်သက်ခြင်းက ကြီးမားသော လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်ထားသော အစိုးရတစ်ရပ်ကို ထောက်ခံအားပေးခြင်း သို့မဟုတ် အသိအမှတ်ပြုခြင်းဆိုသည့် အဓိပ္ပါယ်မျိုး မဖြစ်သင့်ပေ။ ယင်းအစား မည်သည့် ပူးပေါင်းဆောင်ရွက်မှုမဆိုက  မျိုးသမီးအခွင့်အရေးများအပေါ် တာလီဘန်တို့၏ လေးစားလိုက်နာမှုရှိသည့် အပေါ်တွင် မူတည်လိမ့်မည် ဆိုသည့် တိုက်ရိုက် သတင်းစကားကို ဥရောပနိုင်ငံများ ဘက်က ပေးသင့်သည်။

အကြံပြုချက်

အာဖဂန်နစ္စတန်နိုင်ငံအတွက် စီးပွားရေးစနစ်ကို ပြုပြင်ပြီး လူသားချင်းစာနာမှု အကျပ်အတည်းကနေ ရှောင်လွဲနိုင်စေခြင်းနှင့်အတူ နိုင်ငံ၏ လုံခြုံရေးနှင့်ပတ်သက်ပြီး တာလီဘန်တို့ကို ကူညီပေးနိုင်စွမ်းရှိသည့် ဩဇာရှိသူများ၏ တွန်းအားပေးမှုမျိုး မရှိပါက တာလီဘန်တို့အနေဖြင့် အမျိုးသမီးအခွင့်အရေးများနှင့် ပတ်သက်ပြီး ၎င်းတို့၏ အတွေးအမြင်ပိုင်းတွင် အလျှော့မပေးဘဲ ဆက်ရှိနေလိမ့်မည် ဖြစ်သည်။

အီးယူ နိုင်ငံခြားရေးမူဝါဒကို ပိုမို ရှေ့နောက်ညီညွတ်ပြီး ထိရောက်မှု ရှိစေရန်နှင့် ဥရောပ၏ ကမ္ဘာလုံးဆိုင်ရာ ဩဇာကို တိုးစေရန် ရည်ရွယ်ဖွဲ့စည်းထားသော အဖွဲ့တစ်ခုဖြစ်သည့် EEAS အနေဖြင့် ယင်း၏ ခေါင်းဆောင်များ ကစားပွဲတွင် မတူကွဲပြားစွာနှင့် ထိရောက်စွာ ပြန်ဝင်လာနိုင်စေရန်အတွက် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်မှုဆိုင်ရာ ယင်း၏ တန်ဖိုးကို သေချာအောင် လေ့လာစိစစ်ရမည့် အချိန်ဖြစ်သည်။ အမျိုးသမီး အခွင့်အရေးများနှင့်ပတ်သက်ပြီး လက်ခံယုံကြည်မှု အတွေးအမြင်ပိုင်းတွင် တာလီဘန်တို့ဘက်က အလျှော့မပေးဘဲ ဆက်ရှိနေခြင်းနှင့် ထိခိုက်ခံစားနေရသော အာဖဂန်ပြည်သူများ လူ့အခွင့်အရေး ပိတ်ပင်ခံနေရမှုတို့ ရှိနေချိန် အီးယူအနေဖြင့် အလွန်တရာ အလှမ်းကျယ်လွန်း၍ မရနိုင်ပေ။ သို့သော် ပညာသင်ယူခွင့်၊ အလုပ်လုပ်ခွင့်နှင့် တရားမျှတသော ဥပဒေစနစ်များ အပါအဝင် တိတိကျကျရှိသော အခွင့်အရေးအချို့ ပြည့်မြောက်လာစေရန် ၎င်းတို့အနေဖြင့် ခွဲခြားဖော်ထုတ်သင့်သည်။

အမျိုးသမီး အခွင့်အရေးများကို နိုင်ငံရေးနယ်ရုပ်တစ်ရုပ်အဖြစ် အသုံးချခြင်းနှင့် လိုအင်ဆန္ဒမပြည့်ဝသော သာမန်ပြည်သူတို့၏ အခြေခံလိုအပ်ချက်များ၏ စွမ်းအားကို လျှော့တွက်ခြင်း အပါအဝင် ပြီးခဲ့သည့် နှစ် ၂၀ ကာလကနေ သင်ယူခဲ့ရသည့် သင်ခန်းစာအချို့ကို ထည့်သွင်းစဉ်းစားလျက်ဖြင့် အီးယူအနေဖြင့် ခြေလှမ်းများကို ဂရုတစိုက် လှမ်းရန် လိုအပ်သလို ဆက်လက် ချိတ်ဆက်ပတ်သက်ဆက်ဆံရန် လိုအပ်သည်။ အာဖဂန်နစ္စတန်ရှိ အမျိုးသမီး
အခွင့်အရေးများကို မူလအတိုင်း ပြန်ဖြစ်စေရန် အီးယူအနေဖြင့် လုပ်သွားနိုင်သည့်၊ လုပ်သွားသင့်သည့် အလျဉ်မပြတ်ဖြစ်သော၊ လိုအပ်သည့် လုပ်ဆောင်ချက်များအနက် တစ်ချို့တွင် အောက်ပါတို့ ပါဝင်သည်။

(၁) ကဘူးလ်၌ သံတမန်များ မထားရှိဘဲ ဒိုဟာ သို့မဟုတ် အခြားတစ်နေရာရာတွင် တာလီဘန်တို့နှင့် အလွတ်သဘော ဆွေးနွေးမှုတစ်ခု ပြုလုပ်ခြင်း။ ရှေ့ကာလ ပူးပေါင်းဆောင်ရွက်မှုနှင့် အကူအညီပေးမှု၏ အခြေအနေက အမျိုးသမီးများ၏ အခြေခံ အခွင့်အရေးများအပေါ် မူတည်ကြောင်း အလေးပေးထုတ်ဖော်ခြင်း။

(၂) အစ္စလမ္မစ် ရှာရီယာ ဥပဒေကို အလွန်အကျွံ ဖွင့်ဆိုခြင်းကနေတဆင့် တာလီဘန်တို့သည် အမျိုးသမီးများ၏ အခွင့်အရေးကို ချိုးဖောက်နေသည်။ အစ္စလမ္မစ် တရားစီရင်ရေးကို နားလည်စေရန်နှင့် တာလီဘန်တို့နှင့် ဆွေးနွေးရာတွင် ယင်းတို့ကို အလေးပေးထုတ်ဖော်ရန် ကာတာနှင့် ပါကစ္စတန်ကဲ့သို့ တာလီဘန်တို့နှင့် အနီးကပ် ဆက်ဆံရေး ရှိသော နိုင်ငံများ အပါအဝင် အစ္စလမ္မစ် ဒေသနိုင်ငံများအပေါ် အီးယူဘက်က ဩဇာဖြန့်ကျက် လုပ်ဆောင်သင့်သည်။ 

(၃) အီးယူအနေဖြင့် ဆွေးနွေးညှိနှိုင်းမှုများနှင့် တာလီဘန်တို့နှင့်အကြား ယင်း၏ မူဝါဒကို ချမှတ်ရာတွင် ဥရောပရောက် အာဖဂန်နိုင်ငံသား အသိုင်းအဝိုင်းများနှင့် ဆက်ဆံ ပတ်သက်သင့်သည်။

(၄) နောက်ဆုံးအနေဖြင့် အကယ်၍ တာလီဘန်တို့ဘက်က အမျိုးသမီးများအပေါ် အလွန်ပြင်းထန်သည့် စံသတ်မှတ်ချက်များဖြင့် ဆက်လက် ဒုက္ခပေးနေမည်ဆိုပါက အီးယူအနေဖြင့် တာလီဘန်တို့အပေါ် ပြင်းထန်သည့် နိုင်ငံရေးနှင့် စီးပွားရေး ပါဝါ အသုံးပြုရန် ဝန်လေးမနေသင့်ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly