လောင်းလုံးမှာ စစ်ကောင်စီတပ်ဖွဲ့က ပြည်သူ ၃ ဦးကို လက်ပြန်ကြိုးတုပ်ပြီး သေနတ်ဖြင့် ပစ်သတ်

By ကိုရွှေမြိတ်
27 June 2022
လောင်းလုံးမှာ စစ်ကောင်စီတပ်ဖွဲ့က ပြည်သူ ၃ ဦးကို လက်ပြန်ကြိုးတုပ်ပြီး သေနတ်ဖြင့် ပစ်သတ်

လောင်းလုံး၊ဇွန်လ(၂၇)

တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်ရှိ ရွာ နှစ်ရွာကို ယမန်နေ့ ဇွန်လ ၂၆ ရက်နေ့ ည ၁၁ နာရီခန့် အချိန်တွင် စစ်ကောင်စီ တပ်ဖွဲ့က နေအိမ် ငါးလုံးကို ဝင်ရောက် စီးနင်းပြီးနောက် ပြည်သူ သုံးဦးကို လက်ပြန်ကြိုးတုပ်ကာ သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း ထားဝယ်ခရိုင် သပိတ် ကော်မတီနှင့် လောင်းလုံး ပကဖတို့၏ ထုတ်ပြန်ချက်အရ သိရ သည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး လောင်းလုံးမြို့နယ် ကဒက်ကြီးကျေးရွာတွင် ဇွန်လ ၂၆ ရက်နေ့ ည ၁၁ နာရီခန့် အချိန်တွင် ကား နှစ်စီးဖြင့် အင်အား ၁၅ ဦးခန့် ပါဝင်သော စစ်ကောင်စီ တပ်ဖွဲ့သည် နေအိမ် ငါးလုံးကို အကြမ်းဖက် ဝင်ရောက် စီးနင်းပြီး အသက် ၆၀ နှစ်ကျော်ရှိ လင်မယား နှစ်ဦးကို ဖမ်းဆီးပြီး လက်ပြန်ကြိုးတုပ်ကာ သေနတ်ဖြင့် ပစ်သတ်ခဲ့သည်ဟု ထားဝယ်ခရိုင် သပိတ်ကော်မတီ အဖွဲ့ဝင် တစ်ဦးထံမှ သိရသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီး ပစ်ခတ်မှုကြောင့် သေဆုံးသူ နှစ်ဦးမှာ ဦးသောင်းဝင်း နှင့် ဒေါ်ဝင်းအေး (ခ) မိကြုံး တို့ ဖြစ်ပြီး ၎င်းတို့ နှစ်ဦးကို စစ်ကောင်စီ တပ်ဖွဲ့က ဦးခေါင်း၊ ဝမ်းဗိုက်၊ ခါး နှင့် မျက်လုံးတို့ကို အနီးကပ် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရ သည်။

ထိုအပြင် လောင်းလုံးမြို့နယ် ဂေါ့အင်းကျေးရွာရှိ အသက် ၅၀ ကျော် အရွယ် ဦးဆန်းဝင်းကို၏ နေအိမ်ကိုလည်း ဝင်ရောက် စီးနင်းပြီး နောက် နေအိမ်ရှေ့တွင် ထပ်မံပြီး အနီးကပ် ပစ်သတ်ခဲ့ကာ ယင်းနေအိမ် နှစ်လုံးမှ ပိုက်ဆံ ရွှေထည် တချို့နှင့် ဆိုင်ကယ် တစ်စီး အပါဝင် တန်ဖိုးကြီး ပစ္စည်းများကို လုယူသွားကြောင်း လောင်းလုံး ပကဖက တာဝန်ရှိသူ တစ်ဦးထံမှ သိရ သည်။

ယင်း ပစ်ခတ် သတ်ဖြတ်မှုများကို လောင်းလုံးမြို့နယ်တွင် အခြေစိုက်သည့် အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ စစ်ဘက် ရေးရာ လုံခြုံရေး တပ်ဖွဲ့ဝင်များ (စရဖ)၊ စစ်ကောင်စီ တပ်ဖွဲ့ ဝင်များနှင့် ပန္ဒလဲကျေးရွာတွင် စခန်းချထားသည့် ပျူစောထီး အဖွဲ့ဝင်များ ပါဝင်ပြုလုပ် နေကြောင်း သိရ သည်။

လောင်းလုံးမြို့နယ် အတွင်း စစ်ကောင်စီက ဖမ်းဆီး သတ်ဖြတ်မှုကြောင့် ဇွန်လ ၁၆ ရက်မှ ၂၆ ရက် အထိ ပစ်သတ်ခံရသူ ပြည်သူ ရှစ်ဦး အနက် သေဆုံးသူ ခြောက်ဦး ရှိနေပြီ ဖြစ်ကြောင်း ထားဝယ်ခရိုင် သပိတ် ကော်မတီနှင့် လောင်းလုံး ပကဖတို့၏ထုတ်ပြန်ချက်တို့တွင် ဖော်ပြထား သည်။

#mizzima

#လောင်းလုံးမြို့နယ်

#အကြမ်းဖက်စစ်ကောင်စီ

#ပစ်သတ်ခံရသူ

#ပကဖတို့၏ထုတ်ပြန်ချက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required