တိဗက်ရေးရာအမေရိကန်အထူးညှိနှိုင်းရေးမှူး အူဇရာဇီယာက တိဗက်စာရေးဆရာကို လွှတ်ပေးရန် တောင်းဆို

By Tibet Rights Collective
25 June 2022
တိဗက်ရေးရာအမေရိကန်အထူးညှိနှိုင်းရေးမှူး အူဇရာဇီယာက တိဗက်စာရေးဆရာကို လွှတ်ပေးရန် တောင်းဆို

တိဗက်ရေးရာ အမေရိကန်အထူးညှိနှိုင်းရေးမှူး အူဇရာဇီယာက တိဗက်လူငယ်စာရေးဆရာ သပ်တန်လိုဒိုနှင့် မတရားအကျဉ်းချခံထားရသော အခြားတိဗက်လူမျိုးအားလုံးကို လွှတ်ပေးရန် တရုတ်နိုင်ငံအား တောင်းဆိုလိုက်သည်။

'တရုတ်က တိဗက်စာရေးဆရာ သပ်တန်လိုဒိုကို ထောင်ဒဏ် ၄ နှစ်ခွဲ မတရားချလိုက်တာဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ပြစ်မှုအဖြစ်သတ်မှတ်တဲ့ တရုတ်အာဏာပိုင်တွေရဲ့ ဆိုးရွားတဲ့ နောက်ထပ်ဥပမာ တစ်ခုဖြစ်ပါတယ်။ သပ်တန်လိုဒိုနဲ့ မှားယွင်းစွာ အကျဉ်းချခံထားရတဲ့ အခြားတိဗက်လူမျိုးအားလုံးကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့ တောင်းဆိုပါတယ်” ဟု အူဇရာဇီယာက တွစ်တာတွင် ရေးသားခဲ့သည်။

တိဗက်စာရေးဆရာ သပ်တန်လိုဒိုသည် လွန်ခဲ့သော ၇ လခန့်ကဖမ်းဆီးခံခဲ့ရပြီး ခွဲထွက်ရေးလှုံ့ဆော်မှု၊ ရန်စမှုနှင့် ပြဿနာဖန်တီးမှုစွဲချက်များဖြင့် ထောင်ဒဏ် ၄ နှစ် ၅ လ ချမှတ်ခံထားရသည်။

စီချွမ်ပြည်နယ် အာဏာပိုင်များက သပ်တန်လိုဒိုကို ပြီးခဲ့သည့်နှစ် အောက်တိုဘာလက ဖမ်းဆီးခဲ့ပြီး ချန်ဒူမြို့သို့ခေါ်ဆောင်သွားခဲ့သည်။ ထို့နောက် ၇ လအကြာ၌ လူမှုမီဒီယာ Weibo နှင့် QQ တို့တွင် နိုင်ငံရေး သဘောသဘာဝများ ရေးသားမှုသံသယဖြင့် ဇွန် ၁၃ သို့မဟုတ် ၁၄ ရက်က ထောင်ဒဏ်ချမှတ်ခဲ့သည်။ ၎င်း၏ မိသားစုမှာလည်း စောင့်ကြည့်ခံနေရပြီး သားသမီး ၂ ဦးကိုလည်း အိမ်အပြင်မထွက်ခိုင်းဘဲ ကျောင်းတက်ခွင့်တားမြစ်ထားသည်။

ဖမ်းဆီးခံရကတည်းက မည့်သည့်နေရာ၌ ထိန်းသိမ်းထားသည်ကို မသိရသလို မိသားစုအား ရုံးတင်စစ်ဆေးမှုနှင့်ပတ်သက်၍ အကြောင်းကြားခြင်း ရှိ မရှိလည်း မသိရပေ။ သို့သော်လည်း “ခွဲထွက်ရေး” ဟူသော စွဲချက်များမှာ တိဗက်စာရေးဆရာများနှင့် ပညာရှင်အများအပြားအပေါ် စွပ်စွဲနေကျ ပုဒ်မများဖြစ်သည်။ လိုဒို၏ ဝတ္ထုတိုများနှင့် အရေးအသားများကို တိဗက်ရှိ စာဖတ်သူအများအပြားက နှစ်သက်ကြပြီး တိဗက်ဘာသာစကား ဝက်ဘ်ဆိုဒ်များနှင့် စာပေပလက်ဖောင်းအမျိုးမျိုးတွင် တင်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly