ဥရောပကုမ္ပဏီအချို့ တရုတ်မှ ထွက်ခွာဖွယ်ရှိနေ

ဥရောပကုမ္ပဏီအချို့ တရုတ်မှ ထွက်ခွာဖွယ်ရှိနေ

ကိုဗစ်-၁၉ ဖြစ်ပွားမှုနှင့် ပိတ်ဆို့ကန့်သတ်မှုများကြောင့် ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးဖြစ်သော တရုတ်တွင် မျှော်မှန်းချက်များမှေးမှိန်သွားပြီး ရင်းနှီးမြှုပ်နှံမှုများကို နိုင်ငံပြင်ပသို့ ရွှေ့ပြောင်းရန် တရုတ်ရှိ ဥရောပ ကုမ္ပဏီများ ၏ လေးပုံတစ်ပုံနီးပါးက စဉ်းစားနေကြောင်း စစ်တမ်းတစ်ခုက ဖော်ပြလိုက်သည်။

စစ်တမ်းဖြေဆိုသည့် စီးပွားရေးလုပ်ငန်း ၂၃ ရာခိုင်နှုန်းခန့်က လက်ရှိ သို့မဟုတ် စီစဉ်ထားသော ရင်းနှီးမြှုပ်နှံ မှုများကို တရုတ်မှ ဝေးရာသို့ ရွှေ့ပြောင်းရန် စီစဉ်နေသည်ဟု တရုတ်ရှိ ဥရောပသမဂ္ဂ ကုန်သည် ကြီးများ အသင်း မှ ဇွန် ၂၀ရက်က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ရှန်ဟိုင်းမြို့ကို ပိတ်ဆို့ကန့်သတ်ထားဆဲဖြစ်သလို ကျီလင်းပြည်နယ်ကဲ့သို့သော နေရာများတွင် ကန့်သတ်ချက် များကြောင့် စီးပွားရေးလုပ်ငန်းများကို အနှောင့်အယှက်ဖြစ်စေခဲ့ပြီး ဧပြီလကုန်တွင် ယင်းစစ်တမ်းကို ကောက်ယူခဲ့ခြင်း ဖြစ်သည်။

တရုတ်တွင် ယင်းတို့၏ ရွေးချယ်ခွင့်များကို ပြန်လည်အကဲဖြတ်သည့် ဥရောပကုမ္ပဏီများ အရေအတွက်သည် ဆယ်စုနှစ်အတွင်း အမြင့်ဆုံးအချိုးဖြစ်ပြီး ဖေဖော်ဝါရီ စစ်တမ်းတွင် မှတ်တမ်းတင်ထားသည့် ၁၁ ရာခိုင်နှုန်း၏ နှစ်ဆကျော်ရှိကြောင်း ကုန်သည်ကြီးများအဖွဲ့က ပြောကြားခဲ့ပြီး စီးပွားရေးလုပ်ငန်း ၃၇၂ ခုက ဧပြီလစစ်တမ်းကို ဖြေဆိုခဲ့ပြီး ဖေဖော်ဝါရီလတွင် လုပ်ငန်းပေါင်း ၆၂၀ က ဖြေဆိုခဲ့သည်။

တရုတ်၏ လက်ရှိမူဝါဒဖြစ်သော ရောဂါကူးစက်မှုကို တိုက်ဖျက်ရန် ကိုဗစ်လုံးဝသည်းမခံသည့် နည်းလမ်း အတွက် ထွက်ပေါက်မရှိသော မူဝါဒကြောင့် 'ရုံးချုပ်အား အခြားနေရာသို့ ရွေးချယ်စရာမှတပါး တခြား အကြောင်းမရှိတော့' ဟု ကုန်သည်ကြီးများအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဘီဟန်ဇင်က ပြောကြားခဲ့သည်။ 'ကမ္ဘာကြီးက တရုတ်ကို စောင့်မနေပါဘူး။' ရင်းနှီးမြှုပ်နှံမှုရွှေ့ပြောင်းရန် စဉ်းစားနေသည့် ကုမ္ပဏီများတွင် ၁၆ ရာခိုင်နှုန်းက အရှေ့တောင်အာရှသို့
ပြောင်း ရွှေ့ရန် စီစဉ်နေကြောင်း၊ ၁၈ ရာခိုင်နှုန်းက အာရှ-ပစိဖိတ်ဒေသ၏ အခြားနေရာများကို လေ့လာနေပြီး၊ ၁၉ ရာခိုင်နှုန်းက ဥရောပ၊ ၁၂ ရာခိုင်နှုန်းက မြောက်အမေရိကနှင့် ၁၁ ရာခိုင်နှုန်းက တောင်အာရှကို ဖြေဆိုကြသည်။

တရုတ်စီးပွားရေး၏ အဓိကမောင်းနှင်အားနှစ်ခုဖြစ်သည့် အိမ်ခြံမြေနှင့် မော်တော်ယာဉ်ကဏ္ဍများ မည်သည့် အချိန်တွင် ပြန်လည်ကောင်းမွန်လာမည်ကို ရှင်းရှင်းလင်းလင်းမသိရသေးကြောင်း ဘီဟန်ဇင်က ပြောကြားခဲ့ပြီး၊ ယင်းမသေချာမှုများက မည်မျှကြာရှည်မည်ကို မသိခြင်းကြောင့်  ဥရောပစီးပွားရေးလုပ်ငန်းများက တရုတ် ဈေးကွက်ရှိ ယင်းတို့၏ အနေအထားကို ပြန်လည်သုံးသပ်နေကြောင်း ထပ်လောင်း ဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly