ဖမ်းဆီးခံ သမဂ္ဂကျောင်းသူဟောင်း၏ ပြည်သူ့အစိုးရထံပေးပို့သော အကြံပြုလွှာ

ဖမ်းဆီးခံ သမဂ္ဂကျောင်းသူဟောင်း၏ ပြည်သူ့အစိုးရထံပေးပို့သော အကြံပြုလွှာ

ဇွန် ၂၆

ကျွန်မသည် အင်းစိန်ဗဟိုအကျဉ်းထောင်အတွင်း မတရားထိန်းသိမ်းဖမ်းဆီးခံ ပြည်သူများထဲမှ တစ်ဦးဖြစ်ပြီး ကျောင်းသားသမဂ္ဂ အလုပ်အမှုဆောင်ဟောင်း တစ်ဦးလည်း ဖြစ်ပါသည်။

ကျွန်မ စတင်ဖမ်းဆီးခံရချိန်မှ စ၍ ကျွန်မနှင့် အခြားဖမ်းဆီးခံပြည်သူများအား စစ်အစိုးရဘက်မှ လူ့အခွင့်အရေး ချိုးဖောက်ခြင်းများနှင့် တရားမျှတမှုမရှိသော ပြစ်ဒဏ်များ ချမှတ်ကာ ဖိနှိပ်မှုများကို ဆက်တိုက်ဆိုသလို ပြုလုပ်လျက် ရှိပါသည်။

ထို့ပြင် ထောင်တွင်း တောင်းဆိုတိုက်ပွဲဝင်နေသော ရဲဘော်များကိုလည်း ထောင်တွင်းပြစ်ဒဏ်ပေးခြင်း၊ အချိန်ပြည့် အလုပ်ချခြင်းနှင့် တိုက်ပိတ်၍ ဒေါက်နှင့်ခြေချင်း အချိန်ပြည့်ခတ်ထားခြင်းများပြုလုပ်လျက် ရှိပါသည်။

ထိုသို့ဖိနှိပ်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသော်လည်း ကျွန်ုပ်တို့ အကျဥ်းထောင်တွင်းရဲဘော်များမှာ စစ်အာဏာရှင် ကျဆုံးရေးနှင့် ဒီမိုကရေစီရရှိရေးတို့အတွက် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်လျက် ရှိသည်။

ထိုသို့သော ကာလအတွင်း မိမိတို့ဘက်မှ တော်လှန်ရေးခရီးစဥ်အား လက်လှမ်းမီသမျှ ပြန်လည်သုံးသပ်လျက်ရှိရာ ပြည်သူ့အစိုးရအနေဖြင့် တိုက်ပွဲဝင်ရဲဘော်များအပေါ် ငဲ့ကွက်ကာ စဥ်းစားပေးနိုင်ရန် အောက်ဖော်ပြပါ အကြံပြုချက်များအတိုင်း ထောင်တွင်းတိုက်ပွဲဝင်ရဲဘော်များကိုယ်စား တောင်းဆိုအကြံပြုလိုက်သည်။

၁။ ပြည်သူလူထုအတွက် အာမခံချက်ရှိသော အစိုးရ Institution များ ဖော်ဆောင်ရေး

ပြည်သူ့အစိုးရဖြစ်သော အမျိုးသားညီညွတ်ရေးအစိုးရသည် စတင်ဖွဲ့စည်းတည်ထောင်ချိန်မှစ၍ အစိုးရတစ်ရပ်တွင် ရှိသင့်ရှိထိုက်သော လက်တံများ(Institutions)ကို ဖွဲ့စည်းထားနိုင်ခဲ့သော်လည်း ၎င်း Institution များ၏ စည်းနှောင်အားနှင့် Institutionalized ဖြစ်မှုကို ထည့်သွင်းစဥ်းစားခြင်းမရှိသည်ကို တွေ့ရှိရပါသည်။

အမျိုးသား ညီညွတ်ရေး အစိုးရအနေနှင့် နိုင်ငံတကာ အသိအမှတ်ပြုမှုများ ရရှိရန်နှင့် ဥပဒေများချမှတ်ရန်ထက် တော်လှန်ရေးအစိုးရတစ်ရပ်ဖြစ်သည်ကို သတိချပ်ကာ ပွင့်လင်းမြင်သာမှုရှိရေး၊ စည်းနှောင်အားရှိရေး၊ အာဏာအလွဲသုံးစားမှုပပျောက်ရေး၊ မြေအောက်လှုပ်ရှားမှုများ အတွက် ပိုမိုတိကျသော အာမခံချက်ပေးနိုင်ရေးတို့ကို အလေးအနက်ထား ဖော်ဆောင်သင့်ပေသည်။

ထိုသို့မဆောင်ရွက်နိုင်သေးသဖြင့် ယခုအခါ လျော့ရဲသော ယန္တရားအောက်တွင် စည်းနှောင်အား လျော့ရဲကာ တော်လှန်ရေးကို ဗန်းပြသော ကိုယ်ကျိုးရှာ အမြတ်ထုတ်မှုများ၊ အလွဲသုံးစားမှုများနှင့် အဂတိလိုက်စားမှုများအပြင် ပြည်သူလူထုငြိုငြင်လောက်သော လှုပ်ရှားမှုများ ပြုလုပ်လာသည်ကိုပါ တွေ့ရှိရပါသည်။

တော်လှန်ရေး အစိုးရတစ်ရပ် ဖြစ်သည့်နည်းတူ ပြည်သူလူထုနှင့် တစ်သားတည်းကျရန်မှာ အလွန်ပင် အရေးကြီးလှပါသည်။

ထို့ကြောင့် အစိုးရ Institution များ၏ ခိုင်ခံ့မှုကို အာဏာအလွဲသုံးစားလုပ်မှု၊ အဂတိလိုက်စားမှု၊ လာဘ်ပေးလာဘ်ယူမှုတို့ကို ထိန်းချုပ်နိုင်စွမ်းနှင့်ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုတို့ကို ထိန်းထားနိုင်စွမ်းတို့ဖြင့်တိုင်းတာကာ အာမခံချက်ရှိသော အစိုးရ၏ Institution များဖော်ဆောင်ရေးအတွက် တိုက်တွန်း အကြံပြုလိုပါသည်။

၂။ တော်လှန်ရေးကို ကောင်းစွာ အကျိုးပြုနိုင်မည့် နိုင်ငံရေးအတွေးအခေါ်တစ်ရပ် တည်ဆောက်ရေး

မြန်မာနိုင်ငံ၏ အမျိုးသားလွတ်မြောက်ရေးသမိုင်းကို ပြန်လည်ကြည့်မည်ဆိုလျှင် ဗမာကွန်မြူနစ်ပါတီသည် လူမျိုးစုပေါ်လစီ Marx ဝါဒအပေါ်အခြေခံ၍ "Marxism and National Question" စာအုပ်ပါ ဖော်ပြချက်များကို အခြေခံကာ "နိုင်ငံများ သို့မဟုတ် လူမျိုးများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုသည်မှာ လွတ်လပ်စွာ ခွဲထွက်ခြင်းသော်လည်းကောင်း၊ သို့မဟုတ်တည်း အခြားလူမျိုးစုများ၏ဖက်ဒရယ် အဆက်အစပ်တွင်ပါဝင်ခြင်းသော်လည်းကောင်း လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ကို ဆိုလိုသည်" ဆိုသည့် ဖွင့်ဆိုချက်နှင့်အညီ ယင်းမူကိုကိုင်စွဲ၍ ပဲခူးရိုးမ ကာလတွင် လူမျိုးစု လက်နက်ကိုင်တော်လှန်ရေးအင်အားစုများနှင့် ညီညွတ်ရေးတပ်ပေါင်းစု ဖွဲ့စည်းနိုင်ခဲ့ပေသည်။

ထိုသို့ဗမာကွန်မြူနစ်ပါတီမှာ အာဏာရပါတီတစ်ရပ်အနေနှင့် မရောက်ရှိခဲ့ရသော်လည်း အစိုးရအဆက်ဆက် လက်နက်စွဲကိုင် တော်လှန်ခဲ့သော ပါတီများထဲမှ လူမျိုးစုပေါ်လစီကိုစွဲကိုင်၍ Federal ခရီးလမ်းကို တိုင်းရင်းသား အင်အားစုများနှင့် လျှောက်လှမ်းနိုင်ခဲ့ပေသည်။

ထို့ကြောင့် Federal စနစ်ကို ဦးတည်သော ပီပြင်သည့် အစိုးရတစ်ရပ် ပေါ်ပေါက်လာရန်မှာ နိုင်ငံရေးအတွေးအခေါ် ( Political Ideology ) အတိအကျ အခိုင်အမာရှိလျှင် ပို၍ထိရောက်မြန်ဆန်လိမ့်မည်ဟု ယုံကြည်သည်။ ပြည်သူ့အစိုးရအနေနှင့် နိုင်ငံရေးအရ ရပ်တည်မှု အခိုင်အမာနှင့် ပုံဖော်တိုက်ပွဲဝင်ရန် အကြံပြုတိုက်တွန်းပါသည်။

၃။ မြေအောက်တော်လှန်ရေး ရဲဘော်များအတွက် အာမခံချက်ရှိသောအစိုးရ Institution တစ်ရပ် ဖော်ဆောင်ရေး

ယခုတိုက်ပွဲဝင်လျက်ရှိသော တော်လှန်ရေး ရဲဘော်အများစုမှာ စတင်တိုက်ပွဲ ဝင်ချိန်မှစ၍ ကိုယ်ထူကိုယ်ထစနစ်ဖြင့် မိမိတို့၏ ကိုယ်ပိုင်နိုးကြားချက်များဖြင့်သာ စုရုံးဆောင်ရွက်ခဲ့ပြီး ဤလူထုကြီးတစ်ရပ်လုံး၌ လုပ်အားမှလွဲ၍ ထပ်မံထုတ်စရာမရှိသည့် အခြေအနေသို့ ကျရောက်နေပါသည်။

တစ်နည်းအားဖြင့် မည်သည့် အာမခံချက်မျှ မရှိဘဲ ဆင်ကန်းတောတိုးသကဲ့သို့ တိုက်ပွဲဝင်နေရသည့်အချိန်တွင် အစိုးရ၏ Institutionalized မဖြစ်သော စီမံခန့်ခွဲမှုများကြောင့် တော်လှန်ရေးအပေါ် အလွဲသုံးစားလုပ်လိုသူများအတွက် တော်လှန်ရေး ရဲဘော်များအပေါ် လွတ်လပ်စွာ သွေးစုပ် ခေါင်းပုံဖြတ်ခွင့်များ ရရှိနေပြီး၊ အောင်ပွဲမရရှိဘဲ ရှုံးနိမ့်ဖမ်းဆီးခံရချိန်များတွင် အကျိုးအမြတ်ထပ်ရရှိရန် မရှိတော့သော ကျွန်ုပ်တို့၏ရဲဘော်များကို ပြန်လည်ကူညီစောင့်ရှောက်ခြင်း တစ်စုံတစ်ရာမရှိသည်ကိုလည်း မျက်ဝါးထင်ထင် တွေ့ရလျက်ရှိပါသည်။

ထို့ကြောင့် ကျွန်ုပ်တို့၏ မြေအောက်ရဲဘော်များအတွက် အာမခံချက်ပေးနိုင်သော Institution တစ်ရပ် အမြန်ဆုံး ကောင်အထည်ဖော် တည်ဆောက်ပေးနိုင်ရန် အကြံပြုအပ်ပါသည်။

သို့ဖြစ်ပါ၍ အကျွန်ုပ်သည် ရန်သူ၏စက်ဝန်းအတွင်းသို့ ရောက်ရှိနေသည့်တိုင် ကျွန်ုပ်၏ ရဲဘော်များအကျိုးနှင့် တော်လှန်စစ်တစ်ခုလုံး၏ အကျိုးကို ရှေးရှု၍ အထက်ပါ အချက်သုံးချက် ကို တောင်းဆိုလိုက်သည်။ "စစ်အာဏာရှင်စနစ် အမြန်ဆုံးကျရှုံးပါစေ"

ပြည်သူ့အစိုးရထံသို့ အင်းစိန်ထောင်အတွင်း ဖမ်းဆီးခံထားရသည့် ရဲဘော် ယဉ်မေမှ မဇ္ဈိမ၏ အယ်ဒီတာထံပေးစာကဏ္ဍမှတဆင့် အကြံပြုလွာပေးပို့ထားခြင်းဖြစ်သည်။

#အယ်ဒီတာထံပေးစာ

#ရန်ကုန်တိုင်း

#အင်းစိန်အကျဉ်းထောင်

#စစ်အာဏာရှင်

#ကျောင်းသားသမဂ္ဂ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly