သရက်ချောင်းမြို့ ကျောက်ဖြူရွာအနီး တိုက်ပွဲဖြစ် ပြည်သူတချို့ ထိခိုက် သေဆုံးမှုနဲ့ နေအိမ်တွေ မီးရှို့ခံရ

By ကိုရွှေမြိတ်
26 June 2022
သရက်ချောင်းမြို့ ကျောက်ဖြူရွာအနီး တိုက်ပွဲဖြစ် ပြည်သူတချို့ ထိခိုက် သေဆုံးမှုနဲ့ နေအိမ်တွေ မီးရှို့ခံရ

သရက်ချောင်း၊ဇွန်လ(၂၆)

တနင်္သာရီတိုင်း ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်ရှိ ကျောက်ဖြူရွာ အနီးတွင် ယမန်နေ့ ဇွန်လ ၂၅ ရက်နေ့ နံနက် ၁၁ နာရီ အချိန်၌ စစ်ကောင်စီက လက်နက်ကြီးဖြင့် ရမ်းသန်း ပစ်ခတ်မှုကြောင့် နှစ်ဖက် အပြန် အလှန် တိုက်ပွဲ ဖြစ်ပွားခဲ့ကာ ဒေသခံ ပြည်သူတချို့ ထိခိုက်သေဆုံးမှုနှင့် နေအိမ်များ မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ တိုက်ပွဲကြောင့် သရက်ချောင်းမြို့နယ်ရှိ တောင်ဇင်းရွာ လမ်းရှိ ကျောက်ဖြူရွာ ဒေသခံများလည်း အများအပြား ထွက်ပြေးတိမ်းရှောင် နေရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

သရက်ချောင်းမြို့ ဒေသခံ တစ်ဦးက"လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်လို့ ရွာခံတွေ ထွက်ပြေးတာကို စစ်တပ်က သေနတ်နဲ့လိုက်ပစ်တယ်၊ ရွာသား သုံးဦးကိုလည်း သေနတ်နဲ့ ပစ်သတ်ခဲ့တယ်"ဟု ပြောသည်။

အခုလို စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား နှစ်ဖက် အပြန်အလှန် တိုက်ပွဲကြောင့် ဒေသခံများ၏ ပြောဆိုချက်အရ ပြည်သူ လေးဦးထက် မနည်း သေဆုံးခဲ့ပြီး ခြောက်ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိမှုနှင့် နေအိမ် နှစ်လုံးကို မီးရှို့ခံထားရကြောင်း ဒေသခံ သတင်းအရင်းမြစ်များက ပြောဆိုထားသော်လည်း မဇျွိမက အတည်မပြုနိုင်သေးပေ။

ထိုအပြင် ယင်းနေ့ ညနေပိုင်းတွင်လည်း တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ပြီး နှစ်ဖက် ထိခိုက်မှုကို ထုတ်ပြန်ခြင်း မရှိသေးကြောင်း သိရသည်။

လက်ရှိတွင် သရက်ချောင်းမြို့နယ်ရှိ လောင်းမင်းဘရွာရှိ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းတို့တွင် စစ်ကောင်စီတပ်များသည် ယခု အချိန်အထိ တပ်စွဲထားကာ လက်နက်ကြီးနှင့် ရမ်းသန်းပစ်ခတ်မှုများ ရှိနေ၍ အနီး အနားရှိ ကျေးရွာ လေးရွာက နေထိုင်သူများ ထပ်မံ ထွက်ပြေးတိမ်းရှောင် နေရကာ ဆက်သွယ်ရေး ဖုန်းလိုင်းများလည်း ဖြတ်တောက်ခံ ထားရကြောင်း သိရသည်။

#mizzima

#ထားဝယ်ခရိုင်

#ရမ်းသန်းပစ်ခတ်

#ထွက်ပြေးတိမ်းရှောင်

#ထိခိုက်သေဆုံး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required