မလာဝီနိုင်ငံမှ ကလေးများအပေါ် လူမျိုးရေးခွဲခြားသည့် ဗီဒီယိုရိုက်ကူးမှုဖြင့် အလိုရှိနေသော တရုတ်ဝရမ်းပြေးကို ဇမ်ဘီယာတွင် ဖမ်းဆီးရမိ

By South China Moring Post
23 June 2022
မလာဝီနိုင်ငံမှ ကလေးများအပေါ် လူမျိုးရေးခွဲခြားသည့် ဗီဒီယိုရိုက်ကူးမှုဖြင့် အလိုရှိနေသော တရုတ်ဝရမ်းပြေးကို ဇမ်ဘီယာတွင် ဖမ်းဆီးရမိ

မလာဝီနိုင်ငံတွင် ကလေးများအား လူမျိုးရေးခွဲခြားသည့်စာသားများကို တရုတ်လို သံပြိုင်ရွတ်ဆိုခိုင်းပြီး ဗီဒီယိုရိုက်ကူးမှုအတွက် ဖမ်းဝရမ်းထုတ်ခံထားရသော တရုတ်နိုင်ငံသားဝရမ်းပြေးကို အိမ်နီးချင်း ဇမ်ဘီယာနိုင်ငံတွင် ဖမ်းမိခဲ့သည်ဟု လူဝင်မှုကြီးကြပ်ရေးအရာရှိတစ်ဦးက ဇွန် ၂၀ ရက်တွင် ပြောသည်။

“တရားမဝင်လမ်းကြောင်းကနေ နိုင်ငံထဲက ထွက်ပြေးသွားပြီးတဲ့နောက် သူ့ကို ဇမ်ဘီယာနိုင်ငံ ချီပါတာမြို့မှာ ဖမ်းဆီးမိခဲ့တာပါ” ဟု မလာဝီ လူဝင်မှုကြီးကြပ်ရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ပါစ်ကယ်လီဇူလူက ပြောသည်။

လျူကဲသည် မလာဝီရှိ ရွာများမှ ကလေးများအား လူမျိုးရေးခွဲခြားသော စာသားများကို ၎င်းတို့ နားမလည်နိုင်သည့် တရုတ်ဘာသာဖြင့် ပြောဆိုခိုင်းပြီး ဗီဒီယိုရိုက်ကူးခြင်းဖြင့် ကလေးများအပေါ် အမြတ်ထုတ် မှုဖြင့် စွပ်စွဲခံ ထားရသည်။ ထို့နောက် ၎င်းဗီဒီယိုများအား တရုတ်လူမှုမီဒီယာများသို့ စီးပွားဖြစ် ရောင်းခဲ့ကြောင်း BBC က ပြီးခဲ့သည့်သီတင်းပတ်တွင် ဖော်ထုတ်ခဲ့သည်။

“သူ့ကို မလာဝီမှာ တရားရင်ဆိုင်စေချင်တယ်။ သူ့နိုင်ငံကတော့ သူ့ကို နေရပ်ပြန်နိုင်ဖို့ ကြိုးစားလိမ့်မယ်” ဟု ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဟယ်ရီနမ်ဝါဇာက ဆိုသည်။

ဗီဒီယိုတစ်ခုတွင် အသက် ၉ နှစ်အရွယ်ကလေးတစ်ဦးက “ကျွန်တော်က ဉာဏ်ရည်နိမ့်တဲ့ ဘီလူးတစ်ကောင်ပါ” ဟု ပြောခိုင်းခဲ့သည်။

မလာဝီရှိတရုတ်သံရုံးက ၎င်းနိုင်ငံသား၏ လူမျိုးရေးခွဲခြားသောလုပ်ရပ်ကို ရှုတ်ချခဲ့သည်။ မလာဝီနိုင်ငံခြားရေးဝန်ကြီးဌာနက အဆိုပါကိစ္စနှင့်ပတ်သက်ပြီး တရုတ်နှင့်ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဆိုသည်။

တရုတ်နိုင်ငံသည် ၂၀၀၀ ခုနှစ်ကတည်းက မလာဝီနှင့် ဇမ်ဘီယာတို့ကို ဆက်သွယ်ပေးသည့် အမေရိကန်ဒေါ်လာ သန်း ၇၀ ကုန်ကျသည့် အဝေးပြေးလမ်းအပါအဝင် ဖွံ့ဖြိုးရေးစီမံကိန်း ၂၁ ခုကို ရန်ပုံငွေထောက်ပံ့ခဲ့သည်။ တက္ကသိုလ်အသစ်၊ ပါလီမန်အဆောက်အအုံအသစ်နှင့် အမျိုးသားအားကစားကွင်း ဆောက်လုပ်ရန် တရုတ်နိုင်ငံ၏ ပို့ကုန်သွင်းကုန်ဘဏ်မှ အမေရိကန်ဒေါ်လာ သန်း ၈၀ ချေးပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly