June 24
ရုရှကျူးကျော်ရေးတပ်များအား ရင်ဆိုင်ရာတွင် အသုံးပြုနိုင်ရန် ပို၍ ခေတ်မီသော ဒုံးကျည်စနစ် လေးခုအပါအဝင် အမေရိကန်ဒေါ်လာ သန်း ၄၅၀ ဖိုး စစ်လက်နက် တင်ပို့မှုနှင့်အတူ ယူကရိန်းထံ စစ်ရေးအကူအညီသစ်ကို အမေရိကန်နိုင်ငံက ပေးပို့နေကြောင်း အိမ်ဖြူတော်က ကြာသပတေးနေ့တွင် ပြောသည်။
“အခု ပေးပို့မှုမှာ High Mobility Artillery Rocket Systems ဒုံးကျည်စနစ်သစ် အပါအဝင် လက်နက်တွေနဲ့ ပစ္စည်းပစ္စယတွေ ပါဝင်ပါတယ်”ဟု အိမ်ဖြူတော် ပြောခွင့်ရသူ ဂျွန် ကားဘီက ပြောသည်။ ထိုပြင် လက်နက်ကြီးကျည် ထောင်ပေါင်းများစွာနှင့် ကင်းလှည့်စက်လှေများလည်း အပါအဝင် ဖြစ်သည်။
အနောက်အုပ်စု လိုလားသော ယူကရိန်းနိုင်ငံက ရုရှ၏ ကျူးကျော်စစ်ကို တိုက်ခိုက်နေရချိန် ယခု ပေးပို့သည့် HIMARS ဒုံးကျည်စနစ်သစ်သည် ယူကရိန်းနိုင်ငံ၏ အလိုချင်ဆုံး စစ်လက်နက်ပစ္စည်းစာရင်း၌ ပါဝင်သော ဒုံးကျည်စနစ်ဖြစ်သည်။ ရုရှတပ်များသည် ယူကရိန်းနိုင်ငံ အရှေ့ပိုင်း၌ လက်နက်ကြီး ပစ်ခတ်မှုများဖြင့် ထိုးစစ်ဆင်လျက် ရှိနေသည်။
HIMARS ဒုံးကျည်စနစ် လေးခုကို ကနဦးက ပေးပို့ထားပြီး ဖြစ်ပြီး ယူကရိန်းစစ်သားများ အသုံးပြုနိုင်ရန် လေ့ကျင့်သင်တန်းပေးလျက် ရှိသည်။ ယခုတွင် နောက်ထပ် ဒုံးကျည်စနစ် လေးခုအား ထပ်မံပေးပို့ခြင်းဖြစ်သည်ဟု ပင်တဂွန်က ပြောသည်။
လက်နက်ကြီး ကျည် ၃၆,၀၀၀ ၊ 155mm အမြောက်ကြီးအစိတ်အပိုင်းများကို တင်ဆောင်သည့် ယာဉ် ၁၈ စင်း၊ ဒုံးပစ်လောင်ချာ ၁,၂၀၀ ၊ စက်သေနတ် ၂,၀၀၀ ၊ ကမ်းရိုးတန်းနှင့် မြစ်ကြောင်းသွား ကင်းလှည့်စက်လှေ ၁၈ စင်းနှင့် အစိတ်အပိုင်းများ ပေးပို့မှုတွင် ပါဝင်ကြောင်း ပင်တဂွန်က ဆိုသည်။
ယခု နောက်ဆုံး ပေးပို့မှု အပါအဝင် အမေရိကန်သည် ဖေဖော်ဝါရီလအတွင်း ရုရှကျူးကျော်ချိန်မှစကာ လက်ရှိအထိ ယူကရိန်းသို့ ဒေါ်လာ ၆ ဒသမ ၁ ဘီလီယံဖိုး စစ်ရေးအကူအညီ ပေးပို့ထားကြောင်း ဂျွန် ကားဘီက ပြောခဲ့သည်။