ချင်းပြည်နယ်က နတ်ဆိုးကြီးများ

ချင်းပြည်နယ်က နတ်ဆိုးကြီးများ

ဇွန် ၂၂

ချင်းပြည်နယ် ဖလမ်းမြို့တွင် ဖလမ်းချင်းဘာသာစကားဖြင့် စာများ ပိတ်ထားသော ဆိုင်များ၊ အိမ်များ၊ ဓာတ်တိုင်များတွင် ညအချိန်က ကပ်ထားခဲ့သည်ကို နံနက်မိုးသောက်အလင်းရောက်သော ဒေသခံများတွေ့ကြရသည်။ စာတစ်ချို့က ခရစ်ယာန်သမ္မာကျန်းစာထဲကအတိုင်း " စိုက်ခဲ့သမျှရိတ်သိမ်းရမယ် " လိုစာမျိုးတွေဖြစ်သလို စာတစ်ချို့ကတော့ ကျောင်းတက်မှုမရှိအောင်ခြိမ်းခြောက်သော" မင်းတို့သားသမီးတွေအလောင်းကောက်ချင်ရင် ကျောင်းတက်" ဟု အဓိပ္ပါယ်ရသော စာများဖြစ်သည်။ ချင်းဘာသာနှင့်ရေးထားသောစာများတွင် တူညီမှုနောက်တစ်ခုကတော့ သိသိသာသာကို သတ်ပုံမှားယွင်းမှုဖြစ်သည်။

နောက်တစ်နေ့ရောက်ပြန်တော့ နတ်ဆိုးကြီးများဆိုသောအဖွဲ့က ဗမာဘာသာဖြင့်ရေးသားထားသောစာများရောက်နေပြန်ပြီး စာသင်ကြားနေသော Non-CDM ဆရာ ဆရာမများကိုရန်မူလျှင် ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၊ CDM လုပ်သော ဝန်ထမ်းများအိမ်လိပ်စာများသိရှိကြောင်းနှင့် ပြန်လည်လက်တုံ့ပြန်မည်ဟူသော ရေးသားမှုများပါရှိသည်။

အလားတူစာများနှင့် နတ်ဆိုးကြီးများဆိုသော အဖွဲ့၏တုံ့ပြန်ချက်ကို ပြည်နယ်မြို့တော်ဟားခါးတွင်လည်း ဟားခါးချင်းဘာသာစကားသတ်ပုံအမှားများဖြင့်တွေ့ရတတ်သည်။

လမ်းဆုံလမ်းခွများတွင် တိတ်တဆိတ်စာကပ်ထားပြီး ဒေသခံများ နံနက်အိမ်ပြင်ထွက်မှသာ သတိထားမိသော စာများ၏ပိုင်ရှင်ကားမည်သူနည်း။

ဒေသခံများသတိထားမိသည်က နတ်ဆိုးကြီးများဆိုသော အဖွဲ့ဆိုသော အမည်ဖြင့် ထုတ်ပြန်ချက်ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလကတည်းကဖြစ်သည်။ ဟားခါးမြို့တွင် လူထုဆန္ဒပြမှုပေါ်ပေါက်စဉ်က နတ်ဆိုးကြီးများ (ဟားခါး) ဆိုကာ ပေါ်လာခဲ့သေးသည်။

ဒေသခံတချို့ကိုယုံထင်ကြောင်ထင်ဖြစ်စေခဲ့သော နတ်ဆိုးကြီးများ၏စာများတွင် ဦးတည်ခြိမ်းခြောက်ထားသည်က ဒေသခံကာကွယ်ရေးတပ်များနှင့် CDM ဝင်ထားသူများဖြစ်သည်။ အထူးသဖြင့်မြို့ပေါ်နေ CDM များကို ပစ်မှတ်ထားသည်။

သို့သော် မကြာသေးခင်ကမှ ချင်းပြည်နယ်ဘက်သို့ CDM လုပ်လာသော စစ်ကောင်စီတပ်တပ်ရင်းမှူးတစ်ဦး၏ ယာဉ်မောင်းစစ်သားကတော့​'' ညဘက်တွေ ဟားခါးမြို့ပေါ်မှာ ဆက်သွယ်ရေးတပ်တပ်ရင်းမှူးနဲ့ ကျွန်တော်စာတွေ လိုက်ကပ်ကြတယ်။နတ်ဆိုးကြီးများအဖွဲ့ဆိုတဲ့နာမည်သုံးပြီးပေါ့။တစ်ခါတလေ နှစ်ယောက်တည်း၊ တခါတလေ ကျတော့လုံခြုံရေးတွေလည်းပါတယ်''ဟု မဇ္ဈိမကိုပြောသည်။

သူ၏အဆိုအရ ချင်းပြည်နယ်အတွင်းရှိ စစ်ကောင်စီတပ်၏နယ်မြေခံတပ်ရင်းတပ်ဖွဲ့မှူးများက စိတ်ဓာတ်စစ်ဆင်ရေးလုပ်ဆောင်နေကြခြင်းဖြစ်သည်ဟု ဆိုသည်။

နတ်ဆိုးကြီးများအဖွဲ့ကို အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဒုတိယ -တိုင်းမှူးဗိုလ်မှူးချုပ်မျိုးထွဠ်လှိုင်က ဆက်သွယ်ရေးတပ်ရင်းမှူးထံညွန်ကြားပြီးလုပ်ဆောင်စေသည်ဟု CDM စစ်သားကပြောသည်။ မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုချက်မရနိုင်ပါ။

ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက " ဒီကောင်တွေက ဘာအကြံနဲ့လဲဆိုတော့ CNDF (ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့)ကို အကြမ်းဖက်ဆိုပြီး ပြည်သူတွေနဲ့ သွေးခွဲချင်တာ။ ကလေးကွက်တွေသုံးနေတယ်။" ဟု ပြောသည်။

ချင်းပြည်နယ်က နတ်ဆိုးကြီးများနှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းတို့လို ဗမာဒေသများက ပျူစောထီးအဖွဲ့များနှင့် လုပ်ပုံကိုင်ပုံတူညီနေသည်ဟု ချင်းနိုင်ငံရေးလေ့လာသူတစ်ဦးက ပြောသည်။

ပျူစောထီးအဖွဲ့များတွင် စစ်မှုထမ်းဟောင်းအများစုနှင့် လူမျိုးရေး၊ ဘာသာရေးအစွန်းရောက်ဝါဒီ မဘသများပါဝင်နေပုံနှင့် စစ်ကောင်စီဘက်မှနေ၍ နွေဦးတော်လှန်ရေးအင်အားစုများကိုတိုက်ခိုက်မှုပြုနေပုံကို သူက နှိုင်းယှဉ်ပြသည်။

ပျူစောထီးအဖွဲ့ကို မတ်လ ၅ ရက်နေ့တွင်မန္တလေးမြို့မှာ လျှို့ဝှက်ဖွဲ့စည်းခဲ့ပြီး မန္တလေးတိုင်းဒေသကြီးပျူစောထီးအဖွဲ့ (အထက်မြန်မာပြည်)နှင့် ရန်ကုန်တိုင်းဒေသကြီးပျူစောထီးအဖွဲ့ (အောက်မြန်မာပြည်) အဖွဲ့နှစ်ဖွဲ့ကိုသာ စတင်ထူထောင်ခဲ့ပြီး နောက်ထပ် ကျန်သည့် ပြည်နယ်၊ တိုင်းတွေနဲ့ မြို့နယ် ပျူစောထီးအဖွဲ့တွေကို အထက်မြန်မာပြည်နဲ့ အောက်မြန်မာပြည်အဖွဲ့က လမ်းညွှန်ချက်တွေပေးပြီး တိုးချဲ့ဖွဲ့စည်းထားခဲ့သည်။

'' ချင်းတွေမှာတော့ နတ်ဆိုးကို ''စာတန်''ဟုခေါ်တယ်။ အိမ်ထောင်စုမိသားစု၊ရပ်ကွက်ထဲမှာဖြစ်ဖြစ်၊ လုပ်ငန်းခွင်ထဲမှာဖြစ်ဖြစ်၊နေမကောင်းဖျားနာရင်၊ ဒါမိသားစုကို စာတန်နှောင့်ယှက်နေပြီးဆိုပြီး စာတန်းကိုမောင်းထုတ်ကြရပါတယ်။နတ်ဆိုးကိုမောင်းထုတ်တာပေါ့နော်။ အခုလည်း ချင်းပြည်နယ်အတွင်းမှာ ပြည်သူတွေရဲ့နေအိမ်၊ဘုရားကျောင်းတွေ၊ကိုနှောင့်ယှက်နေတဲ့ စာတန် (နတ်ဆိုးကြီး)တွေကိုမောင်းထုတ်ဖို့အချိန်ကျပြီထင်ပါတယ်ဟု" ဟု ချင်းဘာသာရေးခေါင်းဆောင်တစ်ဦးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly