ဝီဂါများအားအဓမ္မစေခိုင်းမှုကာကွယ်ရေးဆိုင်ရာ အမေရိကန်အက်ဥပဒေ စတင်အသက်ဝင်

ဝီဂါများအားအဓမ္မစေခိုင်းမှုကာကွယ်ရေးဆိုင်ရာ အမေရိကန်အက်ဥပဒေ စတင်အသက်ဝင်

တရုတ်နိုင်ငံရှိ ဝီဂါနှင့် အခြားသောနှိပ်စက်ညှဉ်းပန်းခံနေရသည့် အုပ်စုများ၏ အဓမ္မလုပ်အားနှင့် ဆက်စပ်သော သွင်းကုန်များကို တားဆီးရန် ရည်ရွယ်သည့် ဥပဒေသစ်တစ်ရပ်ကို အမေရိကန်အစိုးရအနေဖြင့် ပြင်းပြင်းထန်ထန် ပြဋ္ဌာန်းသင့်သည်ဟု လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က ထုတ်ပြန် လိုက်သည်။

ဇွန်လ ၂၁ ရက်တွင် စတင်အသက်ဝင်သည့် ဝီဂါများအား အဓမ္မစေခိုင်းမှုကာကွယ်ရေး အက်ဥပဒေ (UFLPA) သည် တရုတ်ရှိ အဓမ္မလုပ်အားနှင့်ဆက်စပ်သော သွင်းကုန်များကို တားမြစ်ရန် အမေရိကန်အာဏာပိုင်များအား အခွင့်အာဏာ တိုးမြှင့်ပေးမည်ဖြစ်သည်။

တရုတ်အာဏာပိုင်များသည် ၂၀၁၇ ခုနှစ်ကတည်းက အနောက်မြောက်ပိုင်း ရှင်ကျန်းပြည်နယ်မှ ဝီဂါများနှင့် အခြားသော တာကစ်မွတ်စလင်များအား လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ကျူးလွန်ခဲ့ပြီး ထိန်းသိမ်းခံထားရသည့် လူပေါင်း ၁ သန်းကျော်သည် ရှင်ကျန်းပြည်နယ်တွင်းနှင့်ပြင်ပတို့တွင် အဓမ္မစေခိုင်း ခံထားရသည်။

ဥပဒေသစ်အရ ရှင်ကျန်းတွင် အလုံးစုံ သို့မဟုတ် တစ်စိတ်တစ်ပိုင်း ထုတ်လုပ်သည့် ကုန်ပစ္စည်းများ သို့မဟုတ် အဓမ္မလုပ်အားပေးခိုင်းစေမှုနှင့် ဆက်စပ်နေသည့် တရုတ်နိုင်ငံရှိ အဖွဲ့အစည်းများမှ ထုတ်လုပ်သည့် ကုန်ပစ္စည်း များသည် အမေရိကန်သို့ တင်သွင်းခွင့်ရမည် မဟုတ်ပေ။

“အမေရိကန်ဥပဒေအသစ်ကြောင့် တရုတ်နိုင်ငံ အထူးသဖြင့် ရှင်ကျန်းမှာ အဓမ္မလုပ်အားကနေ အကျိုးအမြတ်ရ နေတဲ့ ကုမ္ပဏီတွေဟာ ခါတိုင်းလို စီးပွားရေး လည်ပတ်နိုင်တော့မှာ မဟုတ်ပါဘူး။

ကုမ္ပဏီတွေဟာ ရှင်ကျန်းနဲ့ ဆက်စပ်တဲ့ မည်သည့်ထောက်ပံ့ရေးကွင်းဆက်ကို မဆို အလျင်အမြန် ဖော်ထုတ်သင့်ပြီး ဒေသတွင်းက ထွက်ခွာရတာ ဒါမှမဟုတ် အမေရိကန်ဥပဒေကို ချိုးဖောက်လို့ အမေရိကန်နယ်စပ်မှာ ပစ္စည်းတွေ ထိန်းသိမ်း ခံထားရတွေ ဖြစ်လာလိမ့်မယ်” ဟု HRW မှ အကြီးတန်းသုတေသီနှင့် ကော်ပိုရိတ်တာဝန်ခံ ဂျင်ဝေါမင်တန်က ပြောသည်။ 

အလုပ်သမားများနှင့်စာရင်းစစ်များအပေါ် တရုတ်အစိုးရ၏စောင့်ကြည့်မှုနှင့်ခြိမ်းခြောက်မှုအတိုင်းအတာက ရှင်ကျန်းရှိ စက်ရုံများ သို့မဟုတ်
ကုမ္ပဏီများတွင် အဓမ္မလုပ်အားအသုံးပြုမှုကို အဓိပ္ပါယ်ရှိရှိ အကဲဖြတ်ရန် ကုမ္ပဏီများအား တားဆီးထားသည်ဟု HRW က ပြောသည်။

တရုတ်နိုင်ငံ၏ အခြားနေရာများတွင်ပင် အလုပ်သမား တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးခြင်း၊ လွတ်လပ်သော အလုပ်သမားသမဂ္ဂများအား တားမြစ်ခြင်း၊ အစိုးရမှ စောင့်ကြည့်ခြင်း နှင့် တရုတ်အစိုးရ၏ ပိတ်ဆို့အရေးယူ မှုများက အတင်းအဓမ္မ လုပ်အားပေးခိုင်းစေခြင်းနှင့် အခြားလူ့အခွင့်အရေး ချိုးဖောက်မှုများ၏ အန္တရာယ်ကို ဖော်ထုတ်ခြင်းနှင့် ပြန်လည်စေ့စပ်ညှိနှိုင်းရေးအတွက် ကြီးမားသော အတားအဆီးများ ဖြစ်သည်။

ရှင်ကျန်းရှိ လုပ်ငန်းဆောင်ရွက်မှုများ၊ ပေးသွင်းသူများ သို့မဟုတ် တစ်ဆင့်ခံ ကုမ္ပဏီများသည် ၎င်းတို့၏ စက်ရုံများ သို့မဟုတ် ထောက်ပံ့ရေးကွင်းဆက်များကို အခြားနေရာသို့ ပြောင်းရွှေ့သင့်သည်ဟု လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က အကြံပြုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required