ထိုင်ဝမ်အပေါ် တရုတ်၏ ခြိမ်းခြောက်မှုကို တန်ပြန်ရန် အမေရိကန်အထက်လွှတ်တော်အမတ်များက ဥပဒေကြမ်းတင်သွင်း

ထိုင်ဝမ်အပေါ် တရုတ်၏ ခြိမ်းခြောက်မှုကို တန်ပြန်ရန် အမေရိကန်အထက်လွှတ်တော်အမတ်များက ဥပဒေကြမ်းတင်သွင်း

ထိုင်ဝမ်အပေါ် တရုတ်၏ ခြိမ်းခြောက်မှုများကို တန်ပြန်ရန်နှင့် ထိုင်ဝမ်နှင့် အမေရိကန်အကြား ဆက်ဆံရေးကို မြှင့်တင်ရန် ရည်ရွယ်သည့် ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာန (MOFA) က အရေးကြီးသော အဆိုပြုချက်ဟု ခေါ်ဆိုသည့် ဥပဒေကြမ်းကို အမေရိကန် အထက်လွှတ်တော်အမတ် ၂ ဦးက တင်သွင်းခဲ့သည်။

'၂၀၂၂ခုနှစ် ထိုင်ဝမ်မူဝါဒအက်ဥပဒေ 'ဟုအမည်ပေးထားသည့် အဆိုပါဥပဒေကြမ်းအား အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဆီးနိတ်လွှတ်တော်အမတ် ရောဘတ် မီနန်ဒတ်ဇ်နှင့် အထက်လွှတ်တော် ဘတ်ဂျက်ကော်မတီအကြီးတန်းအဖွဲ့ဝင် လင်းဆေဂရေဟမ်တို့က ပူးတွဲတင်သွင်းခဲ့ခြင်းဖြစ်သည်။

မေ ၇ရက်က ထုတ်ပြန်သည့် ကြေညာချက်တွင် ထိုင်ဝမ် MOFA ၏ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး ဂျိုနာ အောင်းက အဆိုပါ ဥပဒေကြမ်းသည် လုံခြုံရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ပြဿနာများတွင် အမေရိကန်နှင့် ထိုင်ဝမ်၏ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေရန်နှင့် တရုတ်ခြိမ်းခြောက်မှုကို တန်ပြန်ရန် ကြိုးပမ်းသည့် ပြဋ္ဌာန်း ချက်များ ပါရှိကြောင့် ယင်းဥပဒေမူကြမ်းအား အရေးကြီးသော အဆိုပြုချက်အဖြစ် ဖော်ပြခဲ့သည်။

ထိုင်ဝမ်ကို ရန်လိုမှု သိသိသာသာများလာသဖြင့် တရုတ်အရာရှိများကို ပြင်းထန်သော ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ရန် ယင်းဥပဒေကြမ်းက တောင်းဆိုထားပြီး ထိုင်ဝမ်အား အမေရိကန်၏ လက်နက်ရောင်းချမှုကို ဦးစားပေးအရှိန်မြှင့်လုပ်ဆောင်မည်ဖြစ်သည်။

အဆိုပါဥပဒေမူကြမ်းတွင် ထိုင်ဝမ်ကို နေတိုးမဟုတ်သော အဓိကမဟာမိတ်အဖြစ် သတ်မှတ်ထားပြီး နှစ်နိုင်ငံ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများ လွယ်ကူချောမွေ့စေရန် ထိုင်ဝမ်စစ်တပ်နှင့် အမေရိကန်နိုင်ငံတို့အကြား လေ့ကျင့်မှုများပြုလုပ်ရန် တောင်းဆိုထားကြောင်း အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည်။

တရုတ်က ထိုင်ဝမ်ကို အထီးကျန်စေရန်နှင့် အကျပ်ကိုင်ရန် စည်းရုံးလှုံ့ဆော်မှုများ ဆက်လက် လုပ်ဆောင် နေချိန်၌ ထိုင်ဝမ်ပြည်သူများ၊ ဒီမိုကရေစီစနစ်နှင့် အတူ ရပ်တည်ကြောင်း ကျွန်ုပ်တို့၏ သန္နိဋ္ဌာန်၏ နက်နဲမှုနှင့် ခိုင်ခံ့မှုနှင့် ပတ်သက်၍ သံသယရှိစရာမလိုကြောင်း” မီနန်ဒတ်ဇ်၏ ပြောကြားချက်ကို ကိုးကား၍ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

ထို့ပြင် MOFA က ယင်းဥပဒေကြမ်းကို တင်သွင်းသည့် လွှတ်တော်အမတ်များကို ကျေးဇူးတင် ကြောင်းနှင့် MOFA က ယင်းတိုးတက်မှုကို အနီးကပ် စောင့်ကြည့်နေမည်ဖြစ်ကြောင်း အောင်းက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly