သီပေါမြို့နယ် ထန်စန့်ကျေးရွာရှိ ဒေသခံ ၁ ဦး မိုင်းနင်းမိ၍ သေဆုံး

သီပေါမြို့နယ် ထန်စန့်ကျေးရွာရှိ ဒေသခံ ၁ ဦး မိုင်းနင်းမိ၍ သေဆုံး

ဇွန်လ ၂၁ ရက်

ရှမ်းပြည်မြောက်ပိုင်း ၊ သီပေါမြို့နယ်၊ ထန်စန့်ကျေးရွာဒေသခံ ဦးအောင်အေး (၄၀) နှစ် သည် ဇွန်လ ၂၀ ရက်နေ့က တောထဲတွင် မိုင်းနင်းမိ၍ သေဆုံးခဲ့ကြောင်း သိရသည်။

ဦးအောင်အေး အပါအဝင် ကျေးရွာဒေသခံ ၁၄ ဦးတို့သည် တောထဲသို့သွားရာတွင် ၎င်း တစ်ဦးတည်းသာ မိုင်းနင်းမိ၍ နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

“တောထဲ သွားလည်ရင် မိုင်းနင်းမိတာ။ မိုင်းတွေ မရှိတော့ဘူးလို့ထင်တာ။ အဲကြောင့်သွားကြတာ။ အဲ့ဒီနေရာက အရင် RCSS (သျှမ်းပြည်ပြန်လည်ထူထောင် ရေးကောင်စီ) စခန်းချဖူးတဲ့နေရာနဲ့နီးတယ်။ ဦးအောင်အေး သေသွားတော့ သားသမီးတွေ ငယ်သေးတယ်။ အခု လုပ်ကျွေးမယ့်သူမရှိဘူး” ဒေသခံတစ်ဦးက ပြောသည်။

သေဆုံးသွားသူတွင် သားသမီး ငါးဦးရှိပြီး ရပ်ရွာအရေးနှင့်ပတ်သက်၍ တက်ကြွစွာ ပါဝင်လုပ်ဆောင်နေသူဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

မိုင်းနင်းမိသည့် နေရာတစ်ဝိုက်သည် ပြီးခဲ့သည့်နှစ် ၂၀၂၁ ခုနှစ် ဇူလိုင်လ နောက်ပိုင်းက RCSS နှင့် TNLA ၊ SSPP တို့အကြား တိုက်ပွဲပြင်းထန်ခဲ့သည့်နယ်မြေဒေသများဖြစ်သည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် ရှင်းလင်းခြင်းမပြုရသေးသည့် ဝါးဆူးထောင်ခြောက်နှင့် မြေမြှုပ်မိုင်း၊ စစ်လက်နက်ကျန်များကြောင့် ဒေသခံများသည် ၎င်းတို့၏ လုပ်ငန်းခွင်ဖြစ်သည့် လက်ဖက်ခြံသို့ မသွားရဲကြဘဲ လက်ဖက်ခြံအများစုကို စွန့်ပစ်ထားရသည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီမှ မေလအထိ ရှမ်းတောင်နှင့် ရှမ်းမြောက်တွင် စစ်လက်နက်ကျန်နှင့် မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် အရပ်သား ၁၆ဦး သေဆုံးခဲ့ပြီး ၄၉ဦး ဒဏ်ရာရခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly