အမေရိကန်သံရုံးနှင့် အမေရိကန်စင်တာကို စစ်ကောင်စီကချိပ်ပိတ်သည်မှာ မဟုတ်မှန်

အမေရိကန်သံရုံးနှင့် အမေရိကန်စင်တာကို စစ်ကောင်စီကချိပ်ပိတ်သည်မှာ မဟုတ်မှန်

ဇွန်လ ၂၀ ရက်

ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းနှင့် အင်းယားလမ်းတွင်ရှိသည့် အမေရိကန်စင်တာနှင့် အမေရိကန် သံရုံးကို စစ်ကောင်စီကချိပ်ပိတ်လိုက်သည်ဆိုသည့် သတင်းအမှားတစ်ခု ဇွန်လ ၁၆ ရက်နေ့တွင် စတင် ပျံ့နှံ့ခဲ့သည်။ ထိုအကြောင်းအရာမှာ အမှားသာဖြစ်သည်။

“မျိုးချစ်သူရဲကောင်း” အမည်ရှိ ဖေ့ဘုတ်အကောင့်တစ်ခုမှ ဇွန်လ ၁၆ ရက်နေ့တွင် “သတင်းစာရှင်းလင်းပွဲ အမှီ သတင်းသမားတွေ အများဆုံးမေးသလိုလိုနဲ့ ပိတ်ဖို့ဖိအားပေးနေတဲ့ တကသိုလ်ရိပ်သာလမ်းနဲ့ အင်းယားလမ်းမှာရှိတဲ့ အမေရိကန်သံရုံး(ခေါ်) မြန်မာမြေပေါ်ရှိ အမေရိကန်ထောက်လှန်းရေးနှင့် ထောက်ပံ့ရေးဂိုထောင် အမေရိကန်စာသင်ကျောင်းစာကြည့်တိုက်ဟုခေါ်သည့် မေရိကန်၏ အရင်းရှင် ဝါဒဖြန့်ဖြူးပေးနေတဲ့ကျောင်းအား ချိတ်ပိတ်လိုက်တယ်လို့ သိရပါတယ်” (မူရင်းသတ်ပုံအတိုင်း) ဟူသည့် စာနှင့် အတူ ဓာတ်ပုံနှစ်ပုံကို ထည့်သွင်းရေးသားဖော်ပြခဲ့ပြီး ပြန်လည်မျှဝေသူ တစ်ရာကျော်ရှိခဲ့သည်။

ဓာတ်ပုံထဲတွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၏ဝင်ပေါက်နှင့် အမေရိကန်စင်တာအဆောက်အဦး၌ ချိပ်ပိတ်ကြောင်းရေးသားထားသည့် အနီရောင်ဗီနိုင်းတို့ကို ချိတ်ဆွဲထားသည်။

ထို့ပိုစ့်ကို ဖေ့ဘုတ်တွင်သာမက တယ်လီဂရမ်ချန်နယ်များတွင်လည်း ထွေရာလေးပါး၊ ဒပေါက်ဖာ သတင်းစုံ၊ ကိုရင်သာအေး၊ ကိုချစ်၊ အလင်္ကာစစ်၊ The Truth Media၊ The Fighters Media နှင့် စွမ်းအားရှင် အစရှိသည့် တယ်လီဂရမ်ချန်နယ်များမှ ထပ်ဆင့်ဖော်ပြခဲ့ကြသည့်အပြင် ဖေ့စ်ဘုတ်အကောင့်အချို့က လည်း ပြန်လည်ကူးယူဖော်ပြခဲ့ကြသည်။

မဇ္ဈိမ၏ အချက်အလက်စစ်ဆေးသူများမှ အဆိုပါပုံနှစ်ပုံကို စစ်ဆေးခဲ့ရာ အမေရိကန်စင်တာပုံကို MapsUS.net ဝက်ဆိုက်တွင် တွေ့ရသည်။ ပုံထဲတွင်ပါဝင်နေသော သံဆူးကြိုးများနှင့် ရပ်ထားသည့် ကား အပြာရောင်ပါ တူညီနေပြီး Photoshop ဖြင့် ပြုပြင်ထားကြောင်း အတည်ပြုနိုင်ခဲ့သည်။ ယခုလင့်တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။ https://bit.ly/3Nb4MpP

အမေရိကန်သံရုံးရှေ့ပုံကိုမူ blharbert.com တွင် ဖော်ပြထားသည်ကို တွေ့ရသည်။ ဓါတ်ပုံ ရိုက်ယူသည့် ရှုထောင့်၊ အမေရိကန် အလံလွင့်နေသည့် လေတိုက်ရာဘက်များပါ တူညီနေသည်ကို တွေ့ရပြီး သတင်း တုပါပုံမှာ အဆိုပါဆိုဒ်မှပုံကို Photoshop ဖြင့် ပြုပြင်ထားခြင်း ဖြစ်သည်။ ယခုလင့်တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။ https://bit.ly/3QAVlmM

အမေရိကန်သံရုံးနှင့် အမေရိကန်စင်တာတို့၏တရားဝင် ဝက်ဆိုက်နှင့် ဖေ့ဘုတ်စာမျက်နှာများတွင် ချိပ် ပိတ်ခံရသည့် အကြောင်းအရာနှင့်ပတ်သက်၍ ဖော်ပြချက်တစ်စုံတစ်ရာ မရှိပေ။

အလားတူ အမေရိကန်သံရုံးနှင့် အမေရိကန်စင်တာတို့ကို စစ်ကောင်စီကချိပ်ပိတ်သည့်သတင်းနှင့် ပတ် သက်၍ မည်သည့်သတင်းဌာနတွင်မျှ ဖော်ပြထားခြင်း မရှိပေ။

ထို့ပြင် မဇ္ဈိမ၏ သတင်းထောက်တစ်ဦးမှ ယနေ့ အမေရိကန်စင်တာနှင့် အမေရိကန်သံရုံး အခြေအနေကို ကွင်းဆင်းလေ့လာခဲ့ပြီး ပေးပို့ခဲ့သည့်ဓါတ်ပုံများအရ သတင်းအမှားတွင်ဖော်ပြထားသကဲ့သို့ ချိပ်ပိတ် ထား ခြင်းမရှိသည့်အကြောင်း သိရသည်။

ထို့ကြောင့် “မျိုးချစ်သူရဲကောင်း” အကောင့်မှ စတင်ဖြန့်ဝေထားသကဲ့သို့ ရန်ကုန်မြို့ရှိ အမေရိကန် သံရုံး နှင့် အမေရိကန်စင်တာတို့က စစ်ကောင်စီမှချိပ်ပိတ်ခြင်းမရှိဘဲ မူရင်းဓါတ်ပုံကို Photoshop ဖြင့် ပြန်လည် ပြုပြင်၍ ဖြန့်ဝေထားသည့် သတင်းတုသာဖြစ်ကြောင်း ဖော်ပြလိုက်ပါသည်။

မဇ္ဈိမ၏ သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်း ဆောင်းပါးများကို သတင်းမှားများကို ယခုလင့်သို့ - https://bit.ly/3x5qnf5 ဝင်ရောက်ဖြည့်စွက် ရေးသား ပေးပို့ မေးမြန်းနိုင်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly