စစ်တပ်နှင့် အမြဲတမ်းလက်တွဲဆောင်ရွက်မည်ဟု DKBA ကပြောကြားခဲ့ဟု ဆို

စစ်တပ်နှင့် အမြဲတမ်းလက်တွဲဆောင်ရွက်မည်ဟု DKBA ကပြောကြားခဲ့ဟု ဆို

ဇွန် ၂၀

ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)နှင့် စစ်ခေါင်းဆောင်တွေ့ဆုံရာတွင် DKBAက စစ်တပ်နှင့် အမြဲတမ်းလက်တွဲဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့ကြောင်း စစ်တပ်ပိုင် ဝါဒဖြန့်မီဒီယာမှ သတင်းထုတ်ပြန်ထားသည်။

မနေ့က နေပြည်တော်တွင် ပြုလုပ်သည့် စစ်ကောင်စီ၏ငြိမ်းချမ်းရေးဆွေးနွေးပွဲကို DKBAမှ စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီး စောစတီးနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

တွေ့ဆုံခဲ့ရာတွင် စစ်တပ်တာဝန်ရှိသူများနှင့် DKBAတို့ အကြား ပါတီစုံဒီမိုကရေစီစနစ် နှင့်ဖက်ဒရယ်ကိစ္စများကို ဆွေးနွေးခဲ့ကြသည်။

ထိုသို့ဆွေးနွေးခဲ့ကြရာတွင် DKBAသည် စစ်တပ်နှင့်အမြဲလက်တွဲဆောင်ရွက်သွားမည်ဖြစ်ပြီး ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် သဘောထားတူညီချက်အမြင်များကို ပြန်လည်ပြောကြားခဲ့ကြောင်း စစ်တပ်က ထုတ်ပြန်ခြင်းဖြစ်သည်။

ထိုသို့ စစ်တပ်ပိုင်ဝါဒဖြန့်မီဒီယာများ၏ ပြောကြားချက်များအပေါ်တွင် အတည်ပြုချက် ရယူခဲ့ရာ၌ ဆွေးနွေးပွဲကို တက်ရောက်ခဲ့သည့် DKBAပြောရေးဆိုခွင့်ရှိသူက အစည်းအဝေးတွင်းဖြစ်နေ၍ ဖြေကြား၍ မရသေးကြောင်း ပြန်လည်တုံ့ပြန်ခဲ့သည်။

စစ်ကောင်စီသည် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို မေလ တတိယအပတ်တည်းက စတင်ကျင်းပနေပြီး လက်ရှိအချိန်တွင် မွန်ပြည်သစ်ပါတီ(NMSP)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်DKBA၊ ကရင်ငြိမ်းချမ်းရေးကောင်စီ( KNU/KNLAPC)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ( ALP)၊ ဝပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA( မိုင်းလား ) နှ င့် ပအိုဝ်းလွတ်မြောက်ရေးအဖွဲ့ချုပ်( PNLO) တို့ကို တွေ့ဆုံပြီးဖြစ်သည်။

နေပြည်တော်တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်နေသည့် စစ်ကောင်စီက ဇွန်လ ၁၄ရက်နေ့တွင် ဆွေးနွေးပွဲတက်ရောက်ခြင်းမရှိသေးသည့် အဖွဲ့များကို ဇွန်လ ၃၀ရက်နေ့ နောက်ဆုံးထားပြီး ထပ်မံဆက်သွယ်ကြရန်လည်း ထုတ်ပြန်ထားသေးသည်။

စစ်ကောင်စီသည် အာဏာသိမ်းပြီး တစ်နှစ်ကျော်အကြာတွင် ငြိမ်းချမ်းရေးခေါင်းစဉ်အောက်၌ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးရေး ၊ PDFများ တောခိုရာမှ ပြန်လည်ရောက်ရှိလာရေးအပြင် နိုင်ငံရေးသဘောဆောင်သည့် လုပ်ရပ်များကို လုပ်ဆောင်လာပြီး ရွေးကောက်ပွဲနှင့် ဖက်ဒရယ်ကိစ္စကို တွင်တွင်ကျယ်ကျယ် ပြောဆိုပြုလုပ်လာသည်ကို တွေ့ရသည်။

ထိုသို့ပြုလုပ်နေသော်လည်း တိုက်ပွဲများဖြစ်ပွားနေသည့် နေရာများတွင် ဒေသခံနေအိမ်များကို အငြိုးတကြီး မီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီးများဖြင့် အသုံးပြုပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်မှုများ အသုံးပြုခြင်း၊ အရပ်သားများကို သတ်ဖြတ်ခြင်း အပြင် စစ်ဖြစ်ပွားခြင်း မရှိသေးသည့်နေရာများတွင်လည်း စစ်အင်အားများ တိုးချဲ့နေခြင်းနှင့် ပိုက်စိပ်တိုက်စစ်ဆေးမှုများကို ပြုလုပ်လျက်ရှိပြီး ၎င်းတို့၏ အာဏာသက်ရောက်ရေးအတွက် လုပ်ဆောင်နေဆဲပင် ဖြစ်သည်။

#mizzima

#ဒီမိုကရေစီအကျိုးပြု

#ကရင်တပ်မတော်

#စစ်တပ်ပိုင်ဝါဒဖြန့်မီဒီယာများ

#လေကြောင်းတိုက်ခိုက်မှုများ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required