ရွှေဘိုနယ်တွင် စစ်ကောင်စီတပ်မှပစ်ခတ်မှုကြောင့် ဒေသခံ ၂ ဉီးသေဆုံးပြီး ၁ ဦးလက်ဖြတ်ရ

ရွှေဘိုနယ်တွင် စစ်ကောင်စီတပ်မှပစ်ခတ်မှုကြောင့် ဒေသခံ ၂ ဉီးသေဆုံးပြီး ၁ ဦးလက်ဖြတ်ရ

ဇွန် ၂၀

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ဧရာဝတီမြစ်ကမ်းဘေးရှိ ကုလားမလက်ကောက်ကျေးရွာတွင် စစ်ကောင်စီ တပ်၏ ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူနှစ်ဦးသေဆုံးကာ တစ်ဉီးမှာဒဏ်ရာကြောင့် လက်တစ်ဖက် ဖြတ် လိုက်ရကြောင်း သိရသည်။

ဇွန်လ ၁၈ ရက် နံနက် ၉ နာရီအချိန်က ကင်းစောင့်နေသည့် ကုလားမလက်ကောက်ကျေးရွာသား သုံးဦး ၆၀ မမ လက်နက်ကြီး သုံးလုံးထိမှန်ခြင်းဖြစ်သည်။

“သူတို့(စစ်ကာင်စီတပ်သားများ)က ရွာတွေအနီးကို လာပြီဆိုတာနဲ့ လက်နက်ကြီးတွေနဲ့ တစ်ပြိုင်တည်း ပစ်ကြတာ၊ အဲ့ဒီနေ့ကလည်း ၆၀ မမ သုံးလုံးကို တစ်ပြိုင်တည်းပစ်လိုက်တဲ့အခါ ရွာသားသုံးယောက်က မရှောင်နိုင်တော့လို့ အခုလို ထိခိုက်သေဆုံးရတာပါ” ဟု  ပြည်သူ့ကာကွယ်ရေးရဲဘော် တစ်ဦးက ပြောပြသည်။

လက်နက်ကြီးထိမှန်ခဲ့သော ရွာသားများ၏ ရုပ်အလောင်းများအား သွားယောက်ယူဆောင်ပေး ခဲ့သော ကာကွယ်ရေးတပ်သားရဲဘော်က “တစ်ယောက်ကတော့ ဒဏ်ရာသိပ်မများဘူး ညာဘက်လက်ဖြတ်လိုက် ရတယ်။ နောက်တစ်ယောက်က လူပုံတောင်သိပ်မပီသတော့ဘူး နေရာမှာပဲသေတယ်။ နောက်တစ် ယောက်ကတော့ နဖူးကိုမှန်သွားတာဆိုတော့ နေရာမှာပဲသေဆုံးနေတယ်” ဟု လက်နက်ကြီးထိမှန်သည့် ဒေသခံအမျိုးသားသုံးဦးအခြေအနေကို ရှင်းပြသည်။

ရွာသားများ၏ လုံခြုံရေးအခြေအနေကြောင့် သေဆုံးသူနှင့်ထိခိုက်သူများ၏ အမည်များအား မဖော်ပြလို ကြောင်း ၎င်းကဆက်ပြောသည်။

လက်နက်ကြီးပစ်ခတ်ပြီးဝင်ရောက်လာသည့် အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းသည် ကုလားမလက်ကောက်ကျေးရွာမှ တဲအိမ်အချို့အားမီးရှို့ဖျက်ဆီးကာ နွားအကောင် ၂၀ ခန့်အား ဖလက်ခွန် သင်္ဘောများနှင့် ဖမ်းဆီးသယ်ဆောင်သွားသည်ဟု ဒေသခံတစ်ဦးကပြောသည်။ 

“မြစ်ကြောင်းနံဘေးက ရွာတွေကိုတော့ သူတို့(စစ်ကောင်စီတပ်)တွေက ရိက္ခာလိုတိုင်းဝင်မွှေတယ်။ ကြက်တွေ၊ ဝက်တွေ ဖမ်းသွားတယ်။ တွေ့တဲ့ပစ္စည်းတွေယူသွားတယ် အဲ့လိုမျိုး ခဏခဏလုပ်နေကြ တာ” ဟု နယ်သားတစ်ဦးကပြောသည်။

#Mizzima
#စစ်ကိုင်းတိုင်း
#ရွှေဘိုမြို့နယ်
#၆၀မမ
#လက်နက်ကြီး
#စစ်ကောင်စီစစ်ကြောင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required