ပါကစ္စတန် အမျိုးသမီးများ လုပ်ငန်းခွင်၌ ထိပါးနှောင့်ယှက်ခံရမှုများနှင့် ကြုံတွေ့နေ

By ANI
19 June 2022
ပါကစ္စတန် အမျိုးသမီးများ လုပ်ငန်းခွင်၌ ထိပါးနှောင့်ယှက်ခံရမှုများနှင့် ကြုံတွေ့နေ
Photo: EPA

ပါကစ္စတန်နိုင်ငံတွင် လုပ်ငန်းခွင်များ၌ အမျိုးသမီး ၇၀ ရာခိုင်နှုန်းကျော်သည် ထိပါးနှောင့်ယှက်ခံရမှုများ ရှိနေပြီး ၎င်းတို့၏ အကျဉ်းအကျပ် အတိဒုက္ခက အဆုံးသတ်မည့်ပုံ မပေါ်သေးပေ။

မကြာသေးမီက ယင်းနိုင်ငံတွင် အစိုးရဌာနများအပေါ် မကျေနပ်ချက်များကို စုံစမ်းတင်ပြရန် အစိုးရက ခန့်ထား သော ဖက်ဒရယ်အရာရှိကြီးသည် အမျိုးသမီးဝန်ထမ်းတစ်ဦးအား လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခဲ့သော အီတလီဆိုင်ရာ ပါကစ္စတန်သံအမတ်ဟောင်း နာဒီးမ် ရီယာ့ဇ်ကို ပြစ်ဒဏ်တစ်ခု ချမှတ်ခဲ့ပြီး အမိန့်ညွှန်ကြားချက် တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။

ယင်းဖြစ်စဉ်တွင် အမျိုးသမီးဝန်ထမ်းဖြစ်သည့် ကုန်သွယ်ရေးအရာရှိတစ်ဦး၏ တိုင်ကြားချက်အရ ဖက်ဒရယ် အစိုးရအရာရှိက သံအမတ်ဟောင်း ရီယာ့ဇ်ကို ကြီးလေးသည့် ဒဏ်ငွေတစ်ရပ် ချမှတ်ခဲ့ကြောင်း သတင်းများက ဖော်ပြသည်။ ရီယာ့ဇ်သည် သူမကို လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်ခဲ့သည်ဟု အမျိုးသမီးကုန်သွယ်ရေး အရာရှိက တိုင်ကြားခဲ့ကြောင်း ပါကစ္စတန် Daily Times သတင်းစာက ဖော်ပြသည်။

ပါကစ္စတန်နိုင်ငံရှိ ရုံးဌာနအလုပ်နေရာများ၌ အမျိုးသားလုပ်ဖော်ကိုင်ဖက်များနှင့်အတူတွဲကာ လုပ်ကိုင်နေကြရသည့် အမျိုးသမီးများနှင့် အမျိုးသားအချိုး မြင့်မားသည့် အလုပ်နေရာများ၌ လုပ်ကိုင်နေကြရသည့် အမျိုးသမီးများသည် ၎င်းတို့၏ လုပ်ငန်းခွင်များ၌ သွားလာလှုပ်ရှားရာတွင် အဆင်မပြေမှုများ ရှိနေကြောင်း သတင်းများက ဖော်ပြသည်။

ယင်းနိုင်ငံတွင် အမျိုးသမီး ၇၀ ရာခိုင်နှုန်းကျော်သည် နေ့စဉ်နှင့်အမျှ ၎င်းတို့၏ လုပ်ငန်းခွင်များ၌ နှောင့်ယှက်ထိပါးခံနေရသည်ဟု တရားဝင်သတင်းရင်းမြစ်များကို ကိုးကားပြီး Daily Times သတင်းစာက ဖော်ပြသည်။

လုံခြုံမှု မရှိခြင်းနှင့် လုပ်ငန်းခွင်၌ သင့်လျော်မှုမရှိသော အလုပ်လုပ်ကိုင်ရမှု အခြေအနေများကြောင့် အမျိုးသမီး အများအပြားမှာ အလုပ်လုပ်ကိုင်သော အမျိုးသမီးဖြစ်ခြင်း ဆိုသည့် စိတ်ကူးကို စွန့်လွှတ်ထားခဲ့ကြသည်။ ထို့ပြင် မိသားစုများကို ရှာဖွေထောက်ပံ့ရန်အလို့ငှာ မဖြစ်မနေ ငွေရှာရန် လိုအပ်သည့် အမျိုးသမီးများသည် တစ်ခါတစ်ရံ ရေငုံနှုတ်ဆိတ်နေကြရပြီး ၎င်းတို့အနေဖြင့် ရထားသည့် အလုပ်ကို စွန့်လွှတ်နိုင်ခြင်းမရှိသလို ထိပါးနှောင့်ယှက် ခံရမှုများ ရှိသော်လည်း အလုပ်ပြုတ်မည်ဆိုသဖြင့် မတိုင်တန်းရဲဘဲ ဖြစ်နေကြရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly