ပါကစ္စတန် ဂီဂစ်-ဘော်လ်တီစတန်ဒေသ၌ အခွင့်အရေးများ ပိတ်ပင်ခံထားရမှုကို ကိုင်တွယ်ဖြေရှင်းရန် လူ့အခွင့်အရေးအဖွဲ့က အစိုးရကို တိုက်တွန်း

By The Print
19 June 2022
ပါကစ္စတန် ဂီဂစ်-ဘော်လ်တီစတန်ဒေသ၌ အခွင့်အရေးများ ပိတ်ပင်ခံထားရမှုကို ကိုင်တွယ်ဖြေရှင်းရန် လူ့အခွင့်အရေးအဖွဲ့က အစိုးရကို တိုက်တွန်း

ပါကစ္စတန်နိုင်ငံ ဂီဂစ်-ဘော်လ်တီစတန်ဒေသရှိ ဒေသခံပြည်သူတို့၏ “ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ၊ နိုင်ငံရေးဆိုင်ရာနှင့် စီးပွားရေးဆိုင်ရာ ခံစားခွင့်များ ပိတ်ပင်ခံထားရမှု” ကိစ္စကို ကိုင်တွယ်ဖြေရှင်းပေးရန် ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ် ဦးဆောင်သော အစိုးရကို ပါကစ္စတန် လူ့အခွင့်အရေးကော်မရှင် (HRCP) က တိုက်တွန်းထားကြောင်း မီဒီယာသတင်းများက ဇွန် ၉ ရက်တွင် ဖော်ပြသည်။

ထိုဒေသသို့ HRCP ၏ အချက်အလက် ရှာဖွေရေး မစ်ရှင်အဖွဲ့ သွားရောက်ခဲ့သည့် ခရီးစဉ် အပြီးသတ်ပြီးနောက် HRCP က ထုတ်ပြန်ချက်တစ်ရပ်ကို ထုတ်ခဲ့ခြင်း ဖြစ်သည်။ ထိုမစ်ရှင်အဖွဲ့တွင် ဆာလီမာ ဟက်ရှ်မီ၊ မူဇက်ဖာ ဟူစိန်၊ ဂါဇီ ဆာလာဟူဒင်နှင့် အစ္စရာရူဒင်တို့ ပါဝင်ဖွဲ့စည်းထားသည်။

ဂီဂစ်-ဘော်လ်တီစတန်ဒေသ၌ လူ့အခွင့်အရေး အခြေအနေက ယိုယွင်းဆိုးရွားနေခဲ့ကြောင်း ဂါဇီ ဆာလာဟူဒင်က ဇွန်လ ၈ ရက် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောသည်။ ထို့ပြင် ဂီဂစ်-ဘော်လ်တီစတန်ဒေသမှ နိုင်ငံရေးသမားများ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ၊ ရှေ့နေများနှင့် ဘာသာရေးခေါင်းဆောင်များက ၎င်းတို့ဒေသကို နိုင်ငံ၏ ကျန်နေရာဒေသများနှင့် ပေါင်းစည်းရန် အစိုးရ၏ ပျက်ကွက်မှုအပေါ် စိတ်ပျက်ကြောင်း ထုတ်ဖော်ခဲ့ကြသည်ဟု ဆာလာဟူဒင်က ပြောသည်။

ဂီဂစ်-ဘော်လ်တီစတန်ဒေသသည် အနည်းဆုံးတော့ “ပြည်နယ် အဆင့်အတန်း” တစ်ခု အပ်နှင်းခံရသင့်သည် သို့မဟုတ် နောက်ဆုံးနည်းလမ်းတစ်ခုအနေဖြင့် ပါကစ္စတန် ထိန်းချုပ်သော ကက်ရှ်မီးယားကဲ့သို့ အလားတူ စီမံအုပ်ချုပ်မှု စနစ်တစ်ခု ခွင့်ပြုခံရသင့်သည်ဟု မစ်ရှင်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည့် ဒေသခံအုပ်စုအဖွဲ့များက သဘောထားအမြင်များ ထုတ်ဖော်ခဲ့ကြသည်ဟု ၎င်းက ပြောသည်။

မကြာမီ စတင်ရန် ရှိသည့် ရွေးကောက်ပွဲ ပြုပြင်ပြောင်းလဲမှုများဆိုင်ရာ အစီအစဉ်ထဲတွင် ဂီဂစ်-ဘော်လ် တီစတန်ကိုလည်း ထည့်သွင်းပါဝင်စေရန် မစ်ရှင်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည့် နိုင်ငံရေး ခေါင်းဆောင်များက အကြံပြုခဲ့ကြောင်း ဆာလာဟူဒင်က ပြောသည်။

ယင်း၏ အငြင်းပွားဖွယ် အဆင့်အတန်း အနေအထားကြောင့် ဂီဂစ်-ဘော်လ်တီစတန်ဒေသသည် တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ စီမံကိန်းကနေလည်း အပြည့်အဝ အကျိုးခံစားရနိုင်ခြင်း မရှိဟု ၎င်းက ပြောသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly