ဇွန် ၁၇
ရွေးကောက်ပွဲကို သတ်မှတ်ထားသည့်အတိုင်း PR စနစ် အသုံးပြုပြီး ဆောင်ရွက်သွားမည်ဖြစ်ကာ ယင်းကိစ္စနှင့် ပတ်သတ်၍ လူထုဆန္ဒခံယူရန် မရှိကြောင်း စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ပြောသည်။
“သတ်မှတ်ထားတဲ့ ဥပဒေနဲ့အညီပဲ PRစနစ်ကို ကျင့်သုံးပြီးရွေးကောက်ပွဲဆောင်ရွက်သွားမှာဖြစ်ပါတယ်။ လူထုဆန္ဒခံယူပွဲကျင်းပဖို့တော့ မရှိကြောင်းဖြေကြားအပ်ပါတယ်”ဟု ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက နေပြည်တော်တွင် ယမန်နေ့ ဇွန်လ ၁၆ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထိုသို့ ပြောဆိုသွားခြင်းဖြစ်သည်။
ထို့အပြင် ရွေးကောက်ပွဲနှင့် အဓိကသက်ဆိုင်သည့်နိုင်ငံရေးပါတီများနှင့် လေးကြိမ်တိုင် ဆွေးနွေးခဲ့ကာ Closed List PRကို ကျင့်သုံးကြရန် အများစုက သဘောတူပြီးဖြစ်၍ အဆိုပါ စနစ်ဖြင့် ကျင်းပနိုင်ရန် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေကိုလည်း ပြင်ဆင်ပြီးဖြစ်ကြောင်း ဦးခင်မောင်ဦးကပြောသည်။
"PRစနစ်ကတော့ မဲဆန္ဒနယ်ကို ကျယ်ပြန့်စွာ သတ်မှတ်တယ်။ အဲ့ဒီအထဲမှာ ကိုယ်စားလှယ် ဦးရေကိုပါ သတ်မှတ်တယ်။ သတ်မှတ်ပြီးကာမှ မဲပေးတယ်။ မဲပေးကာကျမှ ပါတီတွေ၊ တသီးပုဂ္ဂလတွေက ယှဥ်ပြိုင်တယ်။ ယှဥ်ပြိုင်တဲ့ ပါတီနဲ့ တသီးပုဂ္ဂလတွေ ရရှိတဲ့ ခိုင်လုံမဲပေါ်မှာ မူတည်ပြီး လွှတ်တော် Seatနေရာတွေကို အချိုးကျရရှိတဲ့ စနစ်ပဲဖြစ်ပါတယ်"ဟုဆိုသည်။
ရွေးကောက်ပွဲကော်မရှင်တွင် လက်ရှိ မှတ်ပုံတင်ထားသည့် တည်ဆဲနိုင်ငံရေးပါတီ ၉၂ပါတီရှိပြီး နိုင်ငံရေးပါတီများကို စာရင်းစစ်ဆေးခြင်းများ ဆောင်ရွက်ရာတွင် စာရင်းစစ်ဆေးပြီး နိုင်ငံရေးပါတီပေါင်း ၈၅ပါတီရှိပြီး ရွေးကောက်ခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအပါအဝင် စစ်ဆေးရန်ကျန်သည့် နိုင်ငံရေးပါတီ ရှစ်ပါတီရှိသည်။
ပါတီစာရင်း စစ်ဆေးခံသည့်ကိစ္စမှာ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်မှုနှင့် မသက်ဆိုင်သော်လည်း ပါတီဖျက်သိမ်းခံရပါက ယှဥ်ပြိုင်၍ မရနိုင်ကြောင်း ၎င်းက ပြောသည်။
စစ်ကောင်စီက လာမည့် ၂၀၂၃ခုနှစ်တွင် ပြုလုပ်မည်ဟု ပြောဆိုထားသည့် ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသောရွေးကောက်ပွဲဖြစ်စေရန် အာမခံကြောင်းလည်း ၎င်းကပြောဆိုခဲ့သည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အပါအဝင် အရေးပါသော ပါတီခေါင်းဆောင်အများအပြားကိုလည်း ဖမ်းဆီးကာ နှစ်ရှည်ထောင်ဒဏ်များချမှတ်နိုင်သည့်အမှုများစွဲထားကာ ပါတီရုံးများမလည်ပတ်နိုင်အောင်လည်း ပြုလုပ်ထားသည်။
အမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံ မစ္စတာ ဒဲရက်ရှိုလေးက ဩဂုတ်လ ၂၀၂၃ တွင်ကျင်းပမည်ဆိုသော စစ်အုပ်စု၏ရွေးကောက်ပွဲအပေါ် မယုံသင်္ကာကြီးစွာထားရှိသည်။
" လွတ်လပ်ပြီး တရားမျှတတာဖြစ်ဖို့လမ်းမရှိဘူးလို့ ကျနော်ထင်တယ်။ ဒါဟာ ဒေသတွင်းနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို လှည့်စားလှည့်ဖျားဖို့ သက်သက်ကြိုးစားတာပဲ ဖြစ်နိုင်ပါတယ်" ဟု ဇွန်လ ၁၁ ရက်နေ့က စင်္ကာပူတွင်ပြုလုပ်သော ရှန်ဂရီလာဒိုင်ယာလော့ဂ်တွင် ဒဲရက်ရှိုလေးကပြောသွားသည်။
ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တော်လှန်နေကြသော တိုင်းရင်းသားပြည်နယ်များတွင်လည်း စစ်ကောင်စီတပ်နှင့် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားေနသဖြင့် ထိုေနရာများတွင် ရွေးကောက်ပွဲလုပ်ရန် အတားအဆီးများရှိေနသည်။
ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲကိုစိတ်ဝင်စားမှုမရှိတော့သလို ဗမာအစိုးရအဆက်ဆက်ပြုလုပ်ခဲ့သော ရွေးကောက်ပွဲများသည် ရခိုင်ပြည်သူများအတွက် အကျိုးမရှိဟု ရက္ခိုင့်တပ်တော် (AA) ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ဇွန်လ ၁၄ ရက်နေ့လုပ် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသွားခဲ့သည်။
အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နေပြည်တော်တွင်ပြုလုပ်နေခဲ့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် တစိုက်မတ်မတ်တောင်းဆိုနေခဲ့သောအချက်တစ်ချက်မှာ ရွေးကောက်ပွဲအတွက် သက်ဆိုင်ရာနယ်မြေတွင် လုံခြုံရေးရယူပေးပါရန်ဟူ၍ ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် NLDက ပြိုင်ဘက်ပါတီများကို မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သော်လည်း လွှတ်တော်ကျင်းပမည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စစ်တပ်က မဲစာရင်းမှားယွင်းသည်ဆိုသော အကြောင်းပြကာ အာဏာသိမ်းခဲ့သည်။
အာဏာသိမ်းပြီးနောက် ကန့်ကွက်သဘောကွဲသူများကိုဖြိုခွင်းရာ အရပ်သား ဦးရေ ၂,၀၀၀ နီးပါးသေဆုံးပြီး အနည်းဆုံး လူ ဦးရေ ၁၄,၀၀၀ ကို ဖမ်းဆီးခံထားရကာ ထိုအထဲမှ အနည်းဆုံး ၁၁၄ ဦးကို ယမန်နှစ်အတွင်း သေဒဏ်ချမှတ်ထားခဲ့သည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) က ပြောသည်။