နောက်ဆုံးထုတ် ပြည်တွင်းဖြစ် သံချပ်ကာယာဉ်ကို ထိုင်ဝမ် ထုတ်‌ဖော်ပြသ 

နောက်ဆုံးထုတ် ပြည်တွင်းဖြစ် သံချပ်ကာယာဉ်ကို ထိုင်ဝမ် ထုတ်‌ဖော်ပြသ 
Photo - AFP

ဇွန် ၁၆

ထိုင်ဝမ်စစ်တပ်သည် ကျွန်း၏ အလယ်ပိုင်း တောင်များရှိရာ သီးခြားထုတ်လုပ်ရေးစခန်းတွင် နောက်ဆုံးထုတ် ပြည်တွင်းဖြစ် CM-34 Clouded Leopard  သံချပ်ကာယာဉ်ကို ဇွန် ၁၆ ရက်၌ ထုတ်ဖော်ပြသလာသည်။ 

ဒီမိုကရက်တစ် ထိုင်ဝမ်ကျွန်းအား ၎င်းတို့၏ ပိုင်နက်အဖြစ် အတည်ပြုထားသော တရုတ်နိုင်ငံက တိုက်ခိုက်လာလျှင် ကိုယ်ပိုင်ကာကွယ်ရေးအတွက် ၎င်းတို့၏ စိတ်ဓာတ်ကြံ့ခိုင်မှုကို ပြသနိုင်ရန် ထိုင်ဝမ်သည် ကြိုးပမ်းအားထုတ်လျက်ရှိနေသည်။ ထိုင်ဝမ်အနီးတွင် တရုတ်က စစ်ရေးလှုပ်ရှားမှုများ ဆောင်ရွက်လာခြင်းကြောင့် ပြီးခဲ့သည့် နှစ်နှစ်အတွင်း စိုးရိမ်ပူပန်မှုများ ပို၍ သိသာထင်ရှားစွာ ပေါ်ပေါက်လာခဲ့သည်။ 

ထိုင်ဝမ်သည် တိုက်လေယာဉ်ကဲ့သို့သော ၎င်းတို့၏ လက်နက်အများစုအတွက် အမေရိကန်ကို မှီခိုအားထားနေရသော်လည်း သမ္မတ ဆိုင်ယင်ဝမ်က ထိုင်ဝမ်တွင် ဒီဇိုင်းဆွဲ ထုတ်လုပ်သည့် အမြောက်၊ တင့်ကားစသည့် လက်နက်ကြီးများကို ပို၍ အသားပေးဖော်ဆောင်လာခဲ့သည်။ 

၂၀၁၉ ခုနှစ်တွင် တပ်တော်ဝင်သည့် ရှစ်ဘီးတပ် CM-34 သံချပ်ကာယာဉ်တွင် Northrop Grumman ကုမ္ပဏီက ထုတ်လုပ်သော အကွာအဝေး သုံးကီလိုမီတာ (၁ ဒသမ ၉ မိုင်) အထိ ထိရောက်စွာ ပစ်ခတ်နိုင်သည့် Mk44 Bushmaster 30mm စက်သေနတ်ကို တပ်ဆင်ထားခြင်း ဖြစ်သည်။ ယင်း သံချပ်ကာယာဉ်ကို လျင်မြန်သော ရွေ့လျားမှုနှင့် ရာသီမရွေးတွင် အသုံးပြုနိုင်ရန် ဒီဇိုင်းဆင် ထုတ်လုပ်ထားခြင်း ဖြစ်သည်။ 

ဂျီဂျီရှိ စက်ရုံမှနေ၍ အဆိုပါ ယာဉ်များကို တစ်လလျှင် ခြောက်စီးကျ ထုတ်လုပ်နိုင်ပြီး စုစုပေါင်း မှာယူထားသည့် အစီးရေ ၃၀၅ စီးတွင် ၁၇၃ စီးကို စစ်တပ်သို့ လွှဲပြောင်းပေးအပ်ပြီး ဖြစ်ကြောင်း ထုတ်လုပ်မှုအကြီးအကဲ ဝေါင်ဝန်ဟောင်က ပြောသည်။ 

ယခု သံချပ်ကာယာဉ်ကို ထိုင်ဝမ်ရှိ clouded leopard ကျားသစ်မျိုးစိတ်ကို နာမည်ယူ မှည့်ခေါ်ထားခြင်း ဖြစ်သည်။ ယခုတွင် မျိုးသုဉ်းနေပြီဟု ယူဆရသော ယင်း ကျားသစ်မျိုးကို ထိုင်ဝမ်ဒေသခံတိုင်းရင်းသားအချို့က အထွဋ်အမြတ်ထားကြသည်။ 

ယင်း သံချပ်ကာယာဉ် ထုတ်လုပ်မှုတွင် ပြဿနာတစ်စုံတစ်ရာ မရှိကြောင်း သိရသည်။ 

ပြီးခဲ့သည့်နှစ်က CM-32 သံချပ်ကာယာဉ်၏ အစောပိုင်းမော်ဒယ်အတွက် စံချိန်မမှီသော စက်ပစ္စည်းအစိတ်အပိုင်းများ တင်သွင်းပြီး လိမ်လည်မှု ပြုသည့်အတွက် တင်သွင်းသည့် ကုမ္ပဏီအချို့မှ အကြီးတန်းအမှုဆောင်အရာရှိအချို့ကို ထောင်ဒဏ်ချမှတ်ခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly