ဖျက်အားကြီးတဲ့ ကနီထိုးစစ်

ဖျက်အားကြီးတဲ့ ကနီထိုးစစ်

ဇွန် ၁၆

အကြမ်းဖက်စစ်ကောင်စီတပ်သည် ကနီမြို့နယ်အတွင်း ၂၇ ရက်တိုင်တိုင်စစ်ကြောင်းထိုးရာ အသက်မပြည့်သေးသည့်လူငယ်တစ်ဦးအပါအဝင် ပြည်သူ ၇ ဦးနှင့် ကျေးရွာပေါင်း ၁၈ ရွာမှ လူနေအိမ် ၁၀၉၁ လုံးမီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။

စစ်ကြောင်းသုံးခုပါ ထိုစစ်ကောင်စီတပ်သည် မေလ ၁၀ ရက်မှ ဇွန်လ ၅ ရက်နေ့အထိ စစ်ကိုင်းတိုင်း ကနီမြို့နယ် ချင်းတွင်းမြစ်ကမ်းဘေးဝဲယာနှင့် ကုန်းတွင်းပိုင်းကျေးရွာ ၄၅ ရွာအား ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

“ဒီတစ်ခေါက်မှာတော့ အကြမ်းဖက်စစ်ကောင်စီတပ်တွေက PDF တွေရှိမယ်ထင်တဲ့ရွာတွေကို အဓိကအားဖြင့်စစ်ကြောင်းထိုးတယ်၊ နောက်တစ်ခုကတော့အပြန်အလှန်ပစ်ခတ်တဲ့ တိုက်ပွဲဖြစ်တဲ့အနီးက ကျေးရွာတွေကို ဝင်ပြီးမွှေတာတွေ မီးရှို့တာတွေ ပြီးတော့ ဒေသခံတွေကို ဖမ်းဆီးပြီး ရက်ရက်စက်စက်သတ်ဖြတ်တာတွေလုပ်ကြတယ်” ဟု ကနီမြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မှ ကိုပြည့်အောင်နိုင်ကပြောသည်။

တိုက်ပွဲများဖြစ်ရာအနီးဝန်းကျင်ရွာမှ ဒေသခံများအား စစ်ကောင်စီတပ်မှ ဖမ်းဆီးကာ နှိပ်စက်သတ်ဖြတ်ပြီး အလောင်းများ ထားခဲ့သည်ကို နယ်မြေရှင်းလင်းချိန်တွင် တော်လှန်ရေးတပ်ဖွဲ့များက ပြန်လည်တွေ့ခဲ့ရသည်။

ထိုစစ်ကြောင်းမှ အရပ်သားများအား ဖမ်းဆီးသတ်ဖြတ်ခဲ့ရာ ကနီမြို့နယ် ကင်းတောင်ရွာမှ တစ်ဦး၊ အထက်ကင်းရွာမှ တစ်ဦး၊ တဇယ်ချောင်းရွာမှ လေးဦး နှင့်ဒေါင်းခြံကျေးရွာမှ တစ်ဦးတို့ဖြစ်ကြောင်း ကနီမြို့နယ်နွေဦးတော်လှန်ရေးသပိတ်အင်အားစု မှ ပြုစုထားသည့် စာရင်းများအရသိရသည်။

ထိုသို့အသတ်ခံရသူများသည် အရပ်သားများဖြစ်ပြီး ခန္ဓာကိုယ်အနှံ့တွင် နှိပ်စက်ခံရသည့် ဒဏ်ရာများတွေ့ရကာ အချို့အား လက်ချောင်းများပင်ဖြတ်ထားသည်ဟု ရုပ်အလောင်းများအား တွေ့ရှိစဉ် သိရသည့်အချက်အလက်များကို ကနီမြို့နယ်နွေဦးတော်လှန်ရေးသပိတ်အင်အားစု ကထုတ်ပြန်သည်။

“အစကတော့ဖမ်းဆီးခံရတယ်ဆိုတာမသိဘူးပေါ့ဗျာ တဇယ်ချောင်ရွာဘုရားကုန်းနားမှာ ယင်ကောင်တွေတဝုန်းဝုန်းထွက်လာလို့ရှာဖွေတဲ့အခါ ဇွန်လ ၅ ရက်နေ့မှာ တဇယ်ချောင်ရွာသား လေးဦးရဲ့ အလောင်းတွေကိုတွေ့ရှိရတယ် အဲ့ဒီအလောင်းတွေကိုရွာခံတွေနဲ့အတူအတည်ပြုနိုင်ခဲ့တယ်” ဟု ကိုပြည့်အောင်နိုင်ကပြောသည်။

မေလ ၃၁ ရက်နေ့လယ် ၁ နာရီအချိန်တွင် အသက် ၄၁ နှစ်အရွယ် တဇယ်ချောင်ရွာသား သုံးဦးနှင့်အတူ ဦးခင်မောင်ချင်းအား စစ်ကောင်စီတပ်မှ ဖမ်းဆီးသွားခြင်းဖြစ်သည်။ ၎င်း၏ စောင်အုပ်လျက်ပုပ်ပွနေသည့်ရုပ်အလောင်းအား တဇယ်ချောင်ရွာ ဘုရားကုန်းချောက်အနီးတွင် ဇွန်လ ၅ ရက်နေ့တွင် ပြန်လည်တွေ့ရှိခဲ့ကြောင်းသိရသည်။

၎င်း၏ ရုပ်အလောင်းနှင့်အတူ တဇယ်ချောင်ရွာသားများဖြစ်သည့် အသက်မပြည့်သေးသည့် အသက် ၁၇ နှစ်အရွယ် ကိုဖြိုး၊ အသက် ၄၇ နှစ်အရွယ် ဦးကျော်ဝင်းလှိုင် နှင့် အသက် ၅၁ နှစ်အရွယ် ဦးဇော် တို့်၏ ရုပ်အလောင်းများလည်းတွေ့ခဲ့ရကြောင်း ကနီမြို့နယ်နွေဦးတော်လှန်ရေးသပိတ်အင်အားစု ကထုတ်ပြန်ထားသည်။

မေလ ၂၅ ရက်ညနေခင်းတွင်စစ်ကောင်စီတပ်မှ ဖမ်းဆီးခြင်းခံရသည့် အသက် ၃၉ နှစ်အရွယ် အထက်ကင်းရွာသား ဦးဇော်လင်းအား အထက်ကင်းရွာအနီးတွင် ဘယ်လက်နှင့်ညာလက်မှ လက်ချောင်းသုံးချောင်းစီအား ဖြတ်တောက်ထားကာ လည်ပင်းသံကြိုးချည် လက်နောက်ပြန်လက်ထိပ်ခတ်အနေအထားဖြင့် တစ်ကိုယ်လုံး ရိုက်နှက်ဒဏ်ရာများနှင့် သေဆုံးနေသည်ကို မေလ ၂၆ ရက်နေ့တွင်တွေ့ရှိရကြောင်းသိရသည်။

“သူ့ဖြစ်စဉ်ကျတော့ မင်းကင်းနယ်ဘက်ကနေ ကနီအထက်ကင်းရွာကို စစ်ကောင်စီတပ် ဖလက်ခွန်တွေ လာတယ်ပေါ့ စစ်ကြောင်းကရွာထဲကိုဝင်ပြီးဦးဇော်လင်းကို ဖမ်းဆီးသွားတယ် ဒါကိုလည်း မြင်လိုက်တဲ့ရွာသားတွေရှိတယ်။ နောက်ရက်ကျတော့ရွာအနီးမှာပဲ သူ့ရုပ်အလောင်းကိုတွေ့တယ် ရုပ်အလောင်းမှာက လက်ချောင်းသုံးချောင်းစီဖြတ်ထားတယ် ခြေချောင်းတွေကို ဖြတ်ထားတာလဲတွေ့တယ်” ဟု ကိုပြည့်အောင်နိုင်က ဦးဇော်လင်းဖြစ်စဉ်အားရှင်းပြသည်။

ဦးဇော်လင်း၏ လက်ချောင်းသုံးချောင်းစီဖြတ်ခံထားရခြင်းနှင့်ပတ်သတ်၍လည်း” အဓိကကတော့နွေဦးတော်လှန်ရေးသင်္ကေတဖြစ်တဲ့ လက်သုံးချောင်းကို ဖြတ်တာလားဆိုတာ စဉ်းစားစရာဖြစ်နေတယ် တော်တော်ကို ဆိုးဆိုးဝါးဝါးတော့လုပ်သွားတယ်” ဟု ကိုပြည့်အောင်နိုင်က သုံးသပ်ပြောဆိုသည်။

“စစ်ကောင်စီကရက်ရက်စက်စက်သတ်ဖြတ်ခံရပြီး ဆုံးသွားတဲ့ဒေသခံရဲ့အသုဘကို ကျွန်တော်သွားဖြစ်တယ် အသုဘမှာ မိသားစုဝင်က ငိုတဲ့အခါ - ဟော့ဒီစစ်ကောင်စီတပ်ကြောင့် သေရတယ် စစ်ကောင်စီမရှိမှ မင်းအောင်လှိုင်ကြီးမြန်မြန်သေမှ နားအေးမှာ - ဒီလိုမျိုးငိုကြတယ် စစ်ကောင်စီအပေါ်နာကြည်းမှုတွေ ကအမြင့်ဆုံးကို ရောက်နေတာကိုတွေ့ရတယ်” ဟု မိသားစုဝင်အသတ်ခံရသည့် အခြေအနေအပေါ် ကျန်ရစ်သူမိသားစုများ ခံစားရသည်ကို ကိုပြည့်အောင်နိုင်ကပြန်ပြောပြသည်။

မီးရှို့ခံရသည့်ကျေးရွာများတွင် ဦးဇော်လင်း၏ အထက်ကင်းရွာသည် နေအိမ် ၁၃၀ မိီးလောင်ဆုံးရှုံးကြောင်း ကနီမြို့နယ်နွေဦးတော်လှန်ရေးသပိတ်အင်အားစု မှမှတ်တမ်းအရသိရသည်။

စစ်ကောင်စီတပ် ကနီမြို့နယ်အတွင်း ဒေသခံများအား ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် လူနေအိမ်များမီးရှို့ဖျက်ဆီးခြင်းသည် ပထမဆုံးအကြိမ်တော့မဟုတ်တော့ပေ။

စစ်ကောင်စီတပ်စစ်ကြောင်းများထိုးချိန်တိုင်း ဒေသခံအချို့အား ပြည်သူ့ကာကွယ်ရေးတပ်သားများ တံဆိပ်ကပ်ကာ ဖမ်းဆီးသတ်ဖြတ်ခဲ့သည်မှာ ၁၄၀ နီးပါး ရှိပြီဟု ပြည်သူ့ကာကွယ်ရေးတပ်မှ မှတ်တမ်းတင်ထားသည့်အချက်အလက်များအရသိရသည်။

မီးရှို့ဖျက်ဆီးခံရသည့်လူနေအိမ်ပေါင်းသည်လည်း ၁၅၀၀ ကျော် ရှိခဲ့ပြီဖြစ်သည်။

ထို့အပြင်စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်း ကနီမြို့နယ်တွင် တစ်လ အတွင်း လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှု လေးကြိမ်ထိကျူးလွန်ထားသည်ကို အမျိုးသားညီညွတ်ရေးအစိုးရလူ့အခွင့်အရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားချက်အရသိရသည်။

ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၁၁ ရက်တွင် ယင်းရွာနှင့်ကုန်းသာရွာတွင် ၁၅ ဦး၊ ၂၆ ရက်နေ့တွင် ယင်းရွာအရှေ့ဘက်တွင် ၁၆ ဦး၊ ၂၈ ရက်တွင် ကြက်ချောင်းတောတိုက်ရွာတွင် ၁၁ ဦးနှင့် ၃၁ ရက် တောင်ပေါက်ရွာမှ ပြည်သူ ၁၂ ဦးတို့ဖြစ်သည်။

ထိုသို့စစ်ကောင်စီမှ သတ်ဖြတ်မီးရှို့မှုများ အပြင်းအထန်ပြုလုပ်သော်လည်း ဒေသခံများ၏ တော်လှန်လိုစိတ်အား မပြောင်းလဲနိုင်ပုံကို “အိမ်ခြေပေါင်း ၂၀၀ ကျော်မီးရှို့ခံရတဲ့ရွာတစ်ရွာက ရွာသားတစ်ယောက် ကျွန်တော်တို့နဲ့တွေတဲ့အခါ ဘာပြောလဲဆိုတော့ သူတို့က အိမ်ပဲမီးရှို့လို့ရတာ စိတ်ဓာတ်တွေကိုရှို့လို့မရဘူး အိမ်မရှိဘူးလား ရတယ် မြေတော့ကျန်သေးတယ်လေ ဒီလိုမျိုးစိတ်ဓာတ်ခိုင်မာကြတာကိုတွေ့ရတယ်” ဟု မီးရှို့ခံရသည့်ဒေသခံများ၏ စိတ်ခံယူပုံအချို့ကို ကိုပြည့်အောင်နိုင်ကပြန်ပြောပြသည်။

စစ်ကောင်စီတပ်၏ မီးရှို့စစ်ဆင်ရေးအတွင်း နေအိမ်အများဆုံးရှုံးရသည့်ဒေသများတွင် စစ်ကိုင်းတိုင်းသည် ထိပ်ဆုံးဖြစ်ကာ ၂၀၂၁ ခုနှစ် မေလ ၃၁ ရက်အထိ ၁၃၈၄၀ လုံးမီးရှို့ခံထားရပြီးဖြစ်ကာ တစ်နိုင်ငံလုံးတွင် မီးရှို့ခံရသည့်နေအိမ်ပေါင်း ၁၈၈၈၆ ရှိပြီဖြစ်ကြောင်း Data For Myanmar အဖွဲ့၏ စစ်တမ်းများတွင်တွေ့ရသည်။

ကနီနယ်သို့ ၂၇ ရက်တိုင် ယခုအကြိမ်စစ်ကြောင်းထိုးသည့်စစ်ကောင်စီတပ်သည် စစ်ကြောင်းသုံးခုဖြင့် ထိုးဖောက်ဝင်ရောက်လာသည်ကို တွေ့ရသည်။

ချင်းတွင်းမြစ်ကမ်းအရှေ့ဘက် ချောင်းဝကြီးကျေးရွာအားစတင်မီးရှို့ကာ စစ်ကြောင်းထိုးလာသည့်စစ်ကြောင်းသည် စစ်ကောင်စီတပ်သား ၇၀ ကျော်နှင့် ရဲသား ၂၇ ဦးပါဝင်ကာ ချင်းတွင်းမြစ်ကြောင်းအတိုင်း စစ်ကြောင်းထိုးခြင်းဖြစ်သည်။

ဒုတိယတစ်ဖွဲ့သည် ယင်းမာပင်မြို့နယ် ဘန့်ဘွေးရွာအား မီးရှို့ဖျက်ဆီးကာ ကနီမြို့နယ်အား တောလမ်းအတိုင်း ခြေလျင်စစ်ကြောင်းထိုးလာသည့် အင်အား ၁၀၅ ယောက်ပါဝင်ကြောင်းသိရပြီး ကနီမြို့နယ် ရေလယ်ကျွန်းပျူစောထီးစခန်းဆီဦးတည်စစ်ကြောင်းထိုးခြင်းဖြစ်ကြောင်းသိရသည်။

တတိယတစ်ဖွဲ့သည် မင်းကင်းနယ်မှ ဖလက်ခွန် ရှစ်စီးပါ ရေယာဉ်အုပ်စုဖြစ်သည်။

“ဒီတစ်ကြိမ်က ထူးခြားတာက စစ်ကြောင်းသုံးကြောင်းစလုံး တြိဂံပုံစံညှပ်ပြီးစစ်ကြောင်းထိုးတဲ့ပုံစံ စစ်ကြောင်းသုံးကြောင်းစလုံးက မီးလည်းရှို့တယ် လူလည်းသတ်တယ် စစ်ကြောင်းပုံစံကပြောင်းလာတယ် အရင်တုန်းက ကနီမြို့နယ်မှာ ဒီလိုကြီးမီးရှို့ဖျက်ဆီးတာရော အင်အားဒီလောက်သုံးပြီးစစ်ကြောင်းထိုးတာရော မရှိဘူး အဓိကသူတို့ရည်ရွယ်ချက်ကတော့ ပြည်သူတွေနဲ့ PDFတွေကြားမှာ အမြင်သဘောထားတွေကွဲပြီး ထောက်ပံ့မှုတွေမလုပ်နိုင်အောင် ဒီလို PDF တွေရှိနေလို့ငါတို့က စစ်ကြောင်းထိုးပြီး ရှင်းလင်းရတာမျိုးတွေလုပ်ရတာဆိုတာမျိုးလည်း ပြချင်တဲ့သဘော” ဟု ယခုအကြိမ်စစ်ကြောင်းထိုးမှုပုံစံနှင့် ဖြစ်နိုင်ချေရည်ရွယ်ချက်အား ကိုပြည့်အောင်နိုင်ကရှင်းပြသည်။

ထိုသို့စစ်ကြောင်းထိုးလာသည့်စစ်ကောင်စီတပ်အား ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်မှုများ ပြုလုပ်သည့်အတွက် စစ်ကောင်စီတပ်သည် လေကြောင်းပစ်ကူများဖြင့် ပြန်လည်တိုက်ခိုက်ချေမှုန်းသည်ကိုတွေ့ရသည်။

“တိုက်ပွဲတွေထဲမှာဆိုရင် မေလ ၁၀ ရက်နေ့မှာ တဇယ်ချောင်ရွာနဲ့ ပျူစောထီးစခန်းရှိတဲ့ ရေလယ်ကျွန်းရွာ နားမှာ ၄၅ မိနစ်လောက်တိုက်ပွဲဖြစ်ခဲ့တယ် မွန်းတည့် ၁၂ နာရီလောက်မှာ မုံရွာနမခဘက်ကနေပြီး လေကြောင်းရဟတ်ယာဉ်ပစ််ကူတစ်ကြိမ်ပစ်တယ်၊ နောက်တစ်ခုက မေလ ၃၁ ရက်နေ့မှာကျတော့ မင်းကုန်းရွာနဲ့ ညောင်ပင်ဝန်းရွာနားမှာ ဖြစ်ခဲ့တဲ့တိုက်ပွဲမှာ လေကြောင်းပစ်ကူတစ်ကြိမ် ဒီလိုမျိုးတွေပစ်ခဲ့တာရှိတယ်” ဟု တိုက်ပွဲအချို့အား ကိုပြည့်အောင်နိုင်ကပြောပြသည်။

ထိုတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ မိထိသေဆုံးမှုများရှိခဲ့ပြီး ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များဘက်မှ ထိိခိုက်ကျဆုံးမှုရှိသော်လည်း အတိအကျအတည်ပြုနိုင်ရန်ခက်ကြောင်း ၎င်းကဆက်ပြောသည်။

ကနီနယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်တစ်ခုဖြစ်သည့် ကျောက်လုံးကြီး ပြည်သူ့ ကာကွယ်ရေးတပ်မှ ထုတ်ပြန်ချက်အရ ကနီမြို့နယ်တွင်း မေလအတွင်းက စစ်ကောင်စီတပ် နှင့် ဒေသခံပြည်သူ့ကာကွယ် ရေးတပ်များ ထိတွေ့တိုက်ပွဲ (၁၅ ) ကြိမ် ဖြစ်ပွားရာစစ်ကောင်စီတပ်သား ၅ဝ ခန့်သေဆုံးနိုင်ပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့များဘက်က ရဲဘော် ငါး ဦး ကျဆုံး၍ ၂၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုသိရသည်။

စစ်ကောင်စီတပ်သည်ကနီနယ်အား ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ထားရာ ထိုအချက်အလက်များအား မဇ္ဈိမအနေဖြင့် အတည်မပြုနိုင်သေးပေ။

ထိုသို့စစ်ကြောင်းထိုးခံခဲ့ရာတွင် ကနီမြို့နယ်ရှိ ကနဲအုပ်စု၊ နတ်ကြီးအုပ်စု ၊ ကင်းတောင်အုပ်စု ၊ ချိုင်အုပ်စု၊ မုဌောအုပ်စု ၊ အိုင်တောင်အုပ်စု ၊ တဇယ်ချောင်အုပ်စု ၊ နတ်မြောက်အုပ်စု ၊ နတ်တောင်အုပ်စု စတဲ့ ကျေးရွာအုပ်စု (၉)စုမှ ဒေသခံပြည်သူ (၂၆၅၃၂) ဦး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ကနီမြို့နယ်နွေဦးတော်လှန်ရေးသပိတ်အင်အားစု မှမှတ်တမ်းအရသိရသည်။

စစ်ကောင်စီတပ်၏ ဒေသခံများအပေါ် ဖမ်းဆီးသတ်ဖြတ်မှုနှင့်နေအိမ်မီးရှို့မှုများအား ရာနှုန်းပြည့်မတားဆီးနိုင်သည့်အပေါ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း သူ့ခံစားချက်ကို ပြောပြသည်။

“ ငါတို့ရွာကြီးတော့မီးလောင်သွားပြီ ငါတို့မှာ ခေတ်မှီတဲ့လက်နက်မရှိတော့ငါတို့မကာကွယ်နိုင်လိုက်ဘူး ငါတို့မှာသာ လက်နက်အစ်နဲ့ စုဖွဲ့မှုကောင်းတဲ့အမိန့်တစ်ခုအောက်မှာသာရှိရင် ဒီပွဲဟာဘယ်လိုနေနေ အောင်မှာ ဒါတွေကိုကြည့်နေရတိုင်း ဝမ်းနည်းတယ် စစ်ကောင်စီကိုပိုဒေါသထွက်တယ် ငါတို့တွေဆက်ပြီးတော့မှ ကြိုးစားဖို့ကာကွယ်ပေးဖို့လိုသေးတယ် ပြည်သူတွေပြေးလွှားနေရတာတွေ မီးလောင်တဲ့ဒဏ်တွေ သတ်ဖြတ်ခံရတာတွေမခံစားရအောင် ပိုလုပ်ရမယ်ဆိုတာမျိုး နောက်ပြန််လှည့်စရာလုံးဝမရှိတော့ဘူး ရှေ့ကိုသာတိုးပြီး လုပ်ရတော့မယ်ဆိုတာမျိုးခံစားရတယ်” ဟု မီးခိုးတလိပ်လိပ်ထွက်နေသည့် ရွာအားကြည့်နေရသည့်အခါခံစားရသည်ကို ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်သားတစ်ဦးကပြောပြသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် တိုက်ပွဲပြင်းထန်ရာဒေသများအား အမြန်ဆုံးလက်နက်တပ်ဆင်ပေးရန်နှင့် အသိအမှတ်ပြုမှုအား အမြန််ဆုံးအကောင်အထည်ဖော်ပေးရန်လည်း ၎င်းကတောင်းဆိုသည်။

“မြေပြင်မှာလည်းတကယ်တိုက်ပွဲဝင်နေတဲ့ ငါတို့လို အဖွဲ့ငယ်လေးတွေကို NUG က အသိအမှတ်မပြုတော့ဘူးလား။ NUGရဲ့လက်အောက်မှာ မရှိခဲ့ဘူးဆိုရင် တရားမဝင်တဲ့အဖွဲ့တွေအဖြစ်နဲ့ကြေညာမှာလား ဆိုတဲ့ ဒီလိုအတွေးမျိုးတွေဖြစ်လာတယ်” ဟု၎င်းကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly